တောင်ကြီး ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံခြင်းကို ယမန်နေ့ ညနေ (၃)နာရီ က တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးခန်းမ၌ ကျင်းပ ကြောင်းသိရသည်။
တွေ့ဆုံပွဲတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အမှတ်(၆) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးက အဖွင့်အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းမှ ရှမ်းပြည်နယ်၏ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် မိသားစု စိတ်ဓာတ်ဖြင့် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အခြေအနေအရ ခဏထိန်းကျောင်းရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်တွင် အဓိက ကျသည်မှာ ကာကွယ်ရေးဖြစ်ကြောင်း၊ ကာကွယ်ရေးကောင်းမှ လုံခြုံမှုရှိမှာ ဖြစ်ကြောင်း၊ လုံခြုံမှုရှိမှ နိုင်ငံရေးတည်ငြိမ်မှာဖြစ်ကြောင်း၊ နိုင်ငံရေး တည်ငြိမ်မှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှာဖြစ်ပြီး စီးပွားရေးတိုးတက်လာမှ လူမှုရေးမြင့်တက်လာမှာ ဖြစ်ကြောင်း၊ လူမှုရေးမြှင့်တင်ပေးနိုင်မှ ယဉ်ကျေးမှုကို ထိန်းသိမ်းသွားနိုင်မှာဖြစ်ကြောင်း၊ အမျိုးသားစီးပွားရေးကို ကာကွယ်ထိန်းသိမ်းသွားမှာ ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်ကို အခြားတိုင်းဒေသကြီးနှင့် ရင်ဘောင်တန်းနိုင်အောင် ကြိုးစားသွားရမှာဖြစ်ကြောင်း၊ မိမိတို့ အမျိုးသားစီးပွားရေး ပြန်လည်ဦးမော့လာစေရန်၊ အမျိုးသား နိုင်ငံရေး ပိုမိုလုံခြုံလာစေရန်၊ အမျိုးသားလူမှုရေး ပိုမိုမြင့်တက်လာစေရန်၊ အမျိုးသားယဉ်ကျေးမှု စံနှုန်းထိန်းသိမ်းနိုင်ရန် စသည့်အချက်များကို အားလုံးပူးပေါင်း ဆောင်ရွက်သွားကြရန် ပြောကြားသွားသည်။
ဆက်လက်၍ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ မိတ်ဆက်ကြပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) အမှတ်(၆) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးသန်းထွန်းဦးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)