ဆီဆိုင် ဖေဖော်ဝါရီ ၅
ကျေးလက်နေ တိုင်းရင်းသားတောင်သူများ၏ စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ကျောင်းချယ်ကျေးရွာ၊ ဘန်းယဉ်ကျေးရွာ၊ နောင်အယ်ကျေးရွာ၊ တိကလိုင်ကျေးရွာနှင့် ဟိုတင့်ကျေးရွာ တို့မှ အိမ်ခြေ(၅၃၀)၊ လူဦးရေ(၂၅၀၀)ဦးခန့်အတွက် လယ်မြေဧက (၁၅၀၀) အကျိုးပြုသည့် နောင်အယ်ရေလွှဲဆည် (ကျောင်းချယ်)တည်ဆောက်ခြင်းနှင့် ရေဝပ်ဧရိယာတူးဖော်ခြင်းလုပ်ငန်း ၆၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရ သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ်(၁၅၀)သန်းဖြင့် အလျားပေ ၁၀၀၊ အနံ ၄၅ ပေ၊ အမြင့် ၁၀ ပေရှိ နောင်အယ် ရေလွှဲဆည်(ကျောင်းချယ်)တည်ဆောက်ခြင်းလုပ်ငန်းနှင့် အရှည်ပေ ၃၀၀၊ အကျယ် ၇၅ ပေ၊ အမြင့် ၈ ပေရှိ ရေဝပ်ဧရိယာ တူးဖော်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်း ဆောင်ရွက် နေမှုနှင့် ပြီးစီးမှုအခြေ အနေများကို မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် အရည်အသွေးစစ်ဆေးရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတို့က ယမန်နေ့ မွန်းလွဲ ၁ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲ ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ရဲထွန်းက ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)