မိုင်းယောင်း ဖေဖော်ဝါရီ ၄
မြန်မာပြည်၏ အရှေ့ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် မိုင်းယု-ကျိန်းယဲန်းတံတားမှ ဖေဖော်ဝါရီ ၃ ရက်နေ့က နေရပ်ပြန် မြန်မာအလုပ်သမား ၂၀၉ ဦး ပြန်လည် ဝင်ရောက်လာခဲ့ရာ ဒေသအသီးသီးသို့ ပြန်နိုင်ရန်အတွက် မိုင်းယုမြို့မှ တောင်ကြီးမြို့အထိ မော်တော်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
နေရပ်ပြန် မြန်မာအလုပ်သမားများကို ပြန်လည်ပို့ဆောင်မည့် မော်တော်ယာဉ်များသည် မိုင်းယောင်းမြို့နယ်သို့ ညနေ ၅ နာရီတွင် ရောက်ရှိရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း နှင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့၊ မြို့မိမြို့ဖများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ မျိုးဆက်သစ်ရောင်နီပရဟိတ လူမှုကူညီရေးအသင်းနှင့် ဒေသခံပြည်သူများက နေရပ်ပြန်မြန်မာအလုပ်သမားများအား ထမင်းထုပ်နှင့် သောက်ရေသန့် ဘူးများကို ပေးဝေ ခဲ့ကြသည်။
အဆိုပါ မြန်မာအလုပ်သမားများသည် အထူးဒေသ(၄)၊ နမ့်ပန်းဒေသဘက်တွင် အလုပ်လုပ်ကိုင်ပြီး နေရပ် အသီးသီး သို့ပြန်မည့်သူများဖြစ်ကြကာ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ မြန်မာအလုပ်သမား ကျား (၁၄၀)ဦး နှင့် မ(၆၉)ဦး စုစုပေါင်း(၂၀၉)ဦးအား အထူးဒေသ(၄)၊ နမ့်ပန်းဒေသမှ ဒုတိယအုပ်ချုပ်ရေးမှူး ဦးအိုက်စိုင်းမွန်း နှင့် အဖွဲ့က ကျိန်းယဲန်းဒေသနှင့် မိုင်းယုမြို့ဧရိယာအစပ်သို့ မော်တော်ယာဉ်များဖြင့် လာရောက် လွှဲပြောင်း ပေးခဲ့ရာ မိုင်းယောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် ဌာနဆိုင်ရာများ၊ စစ်ဘက်ဆိုင်ရာများ ပါဝင်သောအဖွဲ့က လက်ခံကြိုဆိုပြီး ကျန်းမာရေးစစ်ဆေးခြင်း၊ လူဦးရေစစ်ဆေးခြင်းများ စိစစ်ဆောင်ရွက်ခြင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ပို့ဆောင်ပေးနိုင်ရေးအတွက် လိုအပ် သည်များကို စီစဉ်ဆောင်ရွက်ပေးပြီးနောက် ဆောင်ရန်၊ ရှောင်ရန်များ မှာကြားကာ မိုင်းယောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးမြင့်ဦး ဦးစီးသော တပ်ဖွဲ့ဝင်များမှ လုံခြုံရေး ဆောင်ရွက်ခြင်းများ ပြုလုပ်ပြီး ညနေပိုင်းတွင် မိုင်းယုမှ ကျိုင်းတုံသို့ မော်တော်ယာဉ် ရှစ်စီးဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် မိုင်းယု-ကျိန်းယဲန်း တံတားဘက်မှ နေရပ်ပြန် မြန်မာအလုပ်သမား ၂၀၉ ဦးကို နေရပ်အသီးသီးသို့ ပြန်နိုင်ရန် အတွက် မိုင်းယုမြို့မှ တောင်ကြီးမြို့အထိ ၂၀၂၁ ခုနှစ်အတွင်း ပထမဆုံး အကြိမ် ပြန်လည်ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
အားချာ