ကျောက်မဲမြို့ပေါ်ရှိ တိုက်ပွဲရှောင်စခန်းများမှ တိုက်ပွဲရှောင်ပြည်သူများ နေရပ်ပြန်နိုင်ခြင်း မရှိသေး

ကျောက်မဲ ဖေဖေါ်ဝါရီ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ပေါ်ရှိ တိုက်ပွဲရှောင် စခန်း နေရာ၌ တိမ်းရှောင် ခိုလှုံနေသည့် တိုက်ပွဲရှောင်ပြည်သူ တစ်ထောင်ဦးခန့်သည် မန်နေ့အထိ နေရပ်သို့ ပြန်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ကျောက်မဲမြို့နယ်၊လွယ်အံတင်း ကျေးရွာအုပ်စု အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အဆိုပါဒေသရှိ လွယ်အံတင်း၊ ပန်လော့၊ ကောင်းခါး၊ မန်စပ်၊ ပန်မခံနှင့် ခုံငင်း ကျေးရွာများမှ ပြည်သူ တစ်ထောင်ကျော်တို့သည် ကျောက်မဲမြို့ပေါ်ရှိ ဝါဆိုကျောင်းတိုက်၊ မန်ကောင်းမူး စာသင်ကျောင်း၊ သန္တိသုခ ဓမ္မာရုံနှင့် အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်းတို့၌  ဒီဇင်ဘာ လကုန်ပိုင်း မှစ၍ ရောက်ရှိ ခိုလှုံခဲ့သည်။

အဆိုပါတိုက်ပွဲရှောင်များ စတင်ရောက်ရှိစ ကာလများတွင် ရပ်နီး၊ ရပ်ဝေး အလှူရှင်များနှင့် အဖွဲ့အစည်း အသီးသီးမှ စားနပ်ရိက္ခာ၊ အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများ လာရောက်လှူဒါန်းမှုရှိသော်လည်း ဇန်နဝါရီ ၂၁ နေ့မှစ၍ လာရောက် ထောက်ပံ့လှူဒါန်းသည့် အလှူရှင်များ နည်းပါလာခြင်းကြောင့် ဟင်းချက်စရာ ရိက္ခာများ လုံလောက်မှု မရှိတော့ကြောင်း တိုက်ပွဲစခန်းတွင် ကူညီဆောင်ရွက်ပေးနေသူ ဦးဇော်ထက်နိုင်၏ ပြောကြားချက်အရသိရသည်။

တိုက်ပွဲရှောင် စခန်းများ၌ ယနေ့အထိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု ၂၅၀ စု၊ လူဦးရေ ၉၇၀ ခန့် ကျန်ရှိနေကြောင်းနှင့် တိုက်ပွဲရှောင်စခန်းမှ စတင်ထွက်ခွာသည့် ပြည်သူအချို့ရှိသော်လည်း ၎င်းတို့သည် နေရပ်သို့ ပြန်ခြင်းမဟုတ်ဘဲ အလုပ်လုပ် ကိုင်ရန်အတွက်မြို့တွင်းတွင် အိမ်ငှားနေထိုင်းခြင်း၊ နီးစပ်ရာ ဆွေမျိုးအိမ်များတွင် ပြောင်းရွှေ့ နေထိုင်ခြင်းများသာ ဖြစ်ကြောင်း သိရသည်။ 

မိုင်းထွန်း (ပြန်/ဆက်)