မိုင်းဖြတ် ဖေဖော်ဝါရီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာငါးရွာအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ဇန်နဝါရီလ တတိယပတ်က ဆိုက်ခေါင်-ကျယီ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းနှင့် ဆိုက်ခေါင်ကျေးရွာ ရေပေးဝေရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းနှင့် ရေပေးဝေရေးလုပ်ငန်းများဆောင်ရွက်နေသည့် မြေပြင် အခြေအနေများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင်၊ ဦးစီးအရာရှိ(နည်းပညာ)ဒေါ်သီသီအောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များကို မှာကြားခဲ့သည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဟိန်းအင်ပါယာကုမ္ပဏီက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေ (၅၆.၈၄)ကျပ်သန်းဖြင့် ဆိုက်ခေါင်-ကျယီ ကျေးရွာသို့ဆက်သွယ် သွားလာနိုင်မည့် (၂/၀)မိုင်၊ အကျယ်၁၂ရှိ ကုတ်ထုတ်လမ်းဖောက်လုပ်ခြင်း၊ Box-Culvert လေးစင်း ဆောင်ရွက်ခြင်းလုပ်ငန်းနှင့် တော်ဝင်မိုင်းဖြတ် နဂါးကုမ္ပဏီက တာဝန်ယူဆောင်ရွက်သည့် ခွင့်ပြုရန်ပုံငွေ (၃၅.၅၉) ကျပ်သန်းဖြင့် ဆိုက်ခေါင်ကျေးရွာရှိ အိမ်ခြေ ၇၀ အတွက် အကျိုးပြုမည့် ရေပေးဝေရေးလုပ်ငန်းများ ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)