မိတ္ထီလာ ဖေဖော်ဝါရီ ၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေ ကျပ်သန်း ၆၀ ဖြင့် ထိန်လည်-သရက်တန်းလမ်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေရန် နှစ်စဉ်ဘဏ္ဍာရေး နှစ်အလိုက် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ၊ ရေကျော်တည်ဆောက်ခြင်းလုပ်ငန်းများနှင့် တံတားတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေ ကျပ်သန်း ၆၀ ဖြင့် အရှည် တစ်မိုင် ကျော်ရှိသည့် ထိန်လည်ကျေးရွာမှ သရက်တန်းကျော်သွားလမ်းအား ဂျင်းမြေခင်းခြင်းလုပ်ငန်းနှင့် Box Culvert (၃)စင်း တည်ဆောက်ခြင်း လုပ်ငန်းတို့ကို တာဝန်ယူပြီး ဒီဇင်ဘာလ စတုတ္ထအပတ်မှ စတင်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူပြီး ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်စမ်းစမ်းဝါထံမှ သိရသည်။
အဆိုပါ ထိန်လည်-သရက်တန်းလမ်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပါက ဒေသခံ ကျေးလက် နေပြည်သူများ ရာသီမရွေး သွားလာရ အဆင်ပြေတော့မည် ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)