တောင်သာမြို့နယ်၌ ကွန်ကရစ်အုတ်လုပ်ငန်း တွင်ကျယ်စွာအသုံးပြုလာ

တောင်သာ ဖေဖော်ဝါရီ ၂

မန္တလေးတိုင်းဒေသကြီး   မြင်းခြံခရိုင်   တောင်သာမြို့နယ်၌   ရပ်ကွက်များနှင့် ကျေးရွာများတွင် မြေအုတ်များအစား ဘိလပ်မြေဖြင့် ထုတ်လုပ် ထားသည့် လက်ရိုက်နှင့်စက်ရိုက်ကွန်ကရစ်အုတ်(ဗြုန်းအုတ်)များကိုအသုံးပြုမှုများလာသဖြင့် ကွန်ကရစ်အုတ်ထုတ်လုပ်သည့် လုပ်ငန်းများလည်း များပြားလာကာ တွင်ကျယ်စွာထုတ်လုပ်ရောင်းချလျက်ရှိကြောင်းသိရသည်။

မြေအုတ်များ ထုတ်လုပ်ရာတွင် အုတ်အတွက် မြေသားနှင့်အုတ်ဖုတ်ရန်အတွက် လောင်စာအဖြစ်  ထင်းများကို  အသုံးပြုရ၍  သဘာဝသယံဇာ တများ ထိခိုက်ပျက်စီးသော်လည်း ကွန်ကရစ်အုတ်လုပ်ငန်းမှာ ဘိလပ်မြေနှင့်သဲကိုသာ အသုံးပြုပြီး မီးဖုတ်ရန်လည်း မလိုသဖြင့် သဘာဝ သယံဇာတများကို ပျက်စီးစေခြင်းမရှိကြောင်း ကွန်ကရစ် အုတ်ထုတ်လုပ် ရောင်းချသူထံမှ သိရသည်။

ထို့အပြင်  ကွန်ကရစ်အုတ်  လက်ရိုက်‌ဈေးနှုန်းမှာလည်း  တစ်လုံးလျှင်ငွေကျပ်(၅၀)ကျပ်နှုန်းသာရှိ၍ မြေအုတ်ထက်ပို၍ သက်သာကြောင်း တောင်သာ မြို့နယ်အတွင်း ကျေးလက်နှင့် မြို့ပြများဖွံ့ဖြိုးတိုးတက်နေသဖြင့် အုတ်အသုံးပြုမှုများလာရာတွင် ယခင်က မြေအုတ်များ အသုံးများ ခဲ့ရာမှ ယခုအခါ ကွန်ကရစ်အုတ်များကို တွင်ကျယ်စွာ အသုံးပြုနေပြီ ဖြစ်ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)