ပင်းတယမြို့၌ အသက် ၆ လမှ ၅ နှစ်အောက်ကလေးငယ်များအား ဗီတာမင်အေဆေး တိုက်ကျွေးမှု ရက်သတ္တပတ်လုပ်ငန်းများ ဆောင်ရွက်

ပင်းတယ ဖေဖော်ဝါရီ ၂

ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ကျေးလက် ကျန်းမာရေးဦးစီးဌာန မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာနမှ အသက် ၆ လမှ ၅ နှစ် အောက်ကလေးငယ်များအား ဗီတာမင်အေဆေးများ တိုက်ကျွေးခြင်း လုပ်ငန်းများကို ဖေဖော်ဝါရီလ ပထမပတ်၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ဆေးရုံရှိ မိခင်နှင့်ကလေး စောင့်ရှောက်ရေးဌာန၌ မြို့ပေါ် ရပ်ကွက်များဖြစ်သည့် အော်ရော၊ သိရိမင်္ဂလာ၊ ဆူးဗိုလ်ကုန်း၊ ရွာငယ်နှင့်ရွာသစ်ရပ်ကွက်များမှ အသက် ၆ လမှ ၅ နှစ်အောက်ကလေးငယ်များအား အမျိုး သမီးကျန်းမာရေးဆရာမ ဒေါ်စန္ဒာဝင်းနှင့် ဝန်ထမ်းများက လည်းကောင်း၊ အခြားရပ်ကွက် များမှ ကလေးငယ်များအား သက်ဆိုင်ရာရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးခန်း၌ စုရပ်ထားရှိ၍ သားဖွားဆရာမ ဒေါ်မာလာလွင်နှင့် ဝန်ထမ်းများတို့က အသက် ၆ လမှ ၅ နှစ်ကြား ကလေးငယ်များအား ဗီတာမင်ဆေးများတိုက်ကျွေးခဲ့ကြသည်။

ဗီတာမင်အေဆေးများတိုက်ကျွေးမှုရက်သတ္တပတ်အဖြစ် ဖေဖော်ဝါရီလ ပထမပတ်တွင် မြို့ပေါ်ရပ်ကွက်များရှိ အသက် ၆ လမှ ၅ နှစ်အတွင်းကလေးငယ်များအား ဗီတာမင်အေ ဆေးများ တိုက်ကျွေးပြီး ကျန်ရှိနေသေးသည့် ကျေးရွာအုပ်စုရှိ ကျေးရွာများမှ အသက် ၆ လမှ ၅ နှစ် ကြားကလေးငယ်များအား သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများမှ ကျေးရွာအုပ်စုများရှိ စုရပ် အသီးသီး၌ ဗီတာမင်အေ ဆေးများကို ဆက်လက်တိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ပင်းတယ(ပြန်/ဆက်)