မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူအတည်ပြုလူနာတစ်ဦး သေဆုံး၊  သေဆုံးသူ ကိုးဦးထိ ရှိလာ

မြင်းခြံ ဖေဖော်ဝါရီ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ မြင်းခြံပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာတစ်ဦး ဖေဖော်ဝါရီ ၂ ရက်နေ့တွင် သေဆုံးကြောင်း မြင်းခြံခရိုင်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာထွန်းဝင်းထံက သိရသည်။

အဆိုပါ သေဆုံးသူသည် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မြင်းခြံခရိုင်ပြည်သူ့ဆေးရုံ ပြင်ပလူနာဌာနသို့ ကျန်းမာရေး မကောင်း(အသက်ရှုကြပ်) သောကြောင့် လာရောက် ကုသခဲ့သဖြင့် Swab နမူနာများရယူစစ်ဆေးပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရသည့်အတွက် မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့သည်။ အဆိုပါ ကိုဗစ်-၁၉ အတည်ပြုလူနာ အသက်(၅၀) နှစ်မှာ အသက်ရှုကြပ်၊ နှလုံးအမောဖောက်ပြီး COVID-19 ပြင်းထန်ရောဂါကြောင့် ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၀၀:၁၅ နာရီ အချိန်တွင် သေဆုံးခဲ့ပြီး မြင်းခြံမြို့ နာရေးကူညီမှုအသင်းမှ ဆူဖြူကုန်း မီးသင်္ဂြိုလ်စက်သို့ ပို့ဆောင်သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၅၁၈) ဦးရှိခဲ့ပြီး ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ (၄၆၉) ဦး၊ သေဆုံးသူ () ဦးအထိရှိလာပြီး မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၄၀) ဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

ကျော်စွာ(မြင်းခြံ)