ကျောက်ဆည် ဖေဖော်ဝါရီ-၂
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် အစိုးရနည်းပညာကျောင်းမှ Quarantine ဝင်ရောက်နေသူများ၊ လူမှုကူညီရေးအသင်း (၂)သင်းနှင့် ရွှေဂူသီလရှင်ကျောင်းသို့ ငွေကျပ်(၁)သိန်း ငါးသောင်း တန်းဖိုးရှိ အာဟာရဖြစ် ကြက်သားထမင်းထုပ်များနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးသုံး ပစ္စည်းများကို ယနေ့ နံနက်ပိုင်းက ရွှေတောင်တန်းရိက္ခာပို့အဖွဲ့မှ လှူဒါန်းခဲ့ကြောင်း သိရှိ ရသည်။
ထိုသို့ လှူဒါန်းရာတွင် အစိုးရနည်းပညာကျောင်း Quarantine ဝင်ရောက်နေသူများအတွက် ထမင်းထုပ် (၁၀၂)ထုပ်၊ ကြက်မင်းတွန်းရပ်ကွက်မှ (RESCUE) လူမှုကူညီရေးအသင်းနှင့် အကြင်နာ လူမှုရေးအသင်းများသို့ ထမင်းထုပ် (၄၈)ထုပ်နှင့် ရွှေဂူသီလရှင်ကျောင်းသို့ ထမင်းထုပ်(၃၈)ထုပ်နှင့် ရေသန့်ကတ်များ၊ နှာခေါင်း စည်းများ လှူဒါန်း ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ရွှေတောင်တန်းရိက္ခာပို့အဖွဲ့သည် မြစ်သားမြို့နယ်အတွင်းရှိ ပြက္ခရွေ့တောင်ပါ်သို့ သွားရောက် လိုသူများအား ပို့ဆောင်ပေးနေသည့်အဖွဲ့ဖြစ်ကာ ဇန်နဝါရီ(၂၄)ရက်နေ့တွင်လည်း ကျောက်ဆည်မြို့ အထွေထွေ ရောဂါကုပြည်သူ့ဆေးရုံကြီးနှင့်မြစ်သားမြို့ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေ သုံးသိန်းငါးသောင်းကျပ်နှင့် နှာခေါင်းစည်းများ၊ လက်အိတ်များ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သက်မောင်(ကျောက်ဆည်)