မိတ္ထီလာ ဖေဖော်ဝါရီ ၂
မိတ္ထီလာတွင် ဆောင်းရာသီရောက်တိုင်း နှစ်စဉ်လာရောက်ကျက်စားလေ့ရှိသည့် ဆောင်းခိုငှက် များမှာ ယခုနှစ်တွင် ဇန်နဝါရီလနှောင်းပိုင်းနှင့် ဖေဖော်ဝါရီလဆန်းကာလ၌ အများအပြား လာရောက်ကျက်စားလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမှာ လာရောက်ဆောင်းခိုကျက်စားတဲ့ဆောင်းခိုငှက်တွေက ဝမ်းဘဲ(ဟင်္သာ) ၊ စစ္စလီ ၊ ရေကြက်ဒုံ ၊ မယ်ညို၊ ရေကြက်အော်ယာ ၊ ခရုစုပ် စတဲ့ငှက်မျိုးစုံဖြစ်ပြီး ပေါက်ချောင်းရပ်ကွက် ကန်ပတ်လမ်းအနီး ၊ အထက ၁ ကန်ပတ်လမ်းအနီး ၊ နန်းတော်ကုန်းရပ်ကွက် မိတ္ထီလာ မြောက်ကန်၊ အုတ်နှဲဘုတ်ကျေးရွာ၊ ကုလားမကျွန်းကျေးရွာနဲ့ အင်းပက်လက်ကျေးရွာ အနီးမှာ မြင်တွေ့နိုင်ပါတယ်။ ဆောင်းခိုငှက်တွေကို တကူးတက ဖမ်းဆီးသတ်ဖြတ်တာမျိုးတွေကို မမြင်ရပေမယ့် ကုလားမကျွန်းကျေးရွာမြောက်ဘက်မှာတော့ ပိုက်ကွန်တွေနဲ့ ထောင်ဖမ်းနေတာ မျိုးတော့ တွေ့ရတယ်။
ဆောင်းခိုငှက်တွေကို မဖမ်းဆီးဖို့ အသိပညာပေးတာမျိုး၊ ကွင်းဆင်းစစ်ဆေး ဆောင်ရွက် တာမျိုးတွေ ပြုလုပ်တာတွေကို ဆောင်ရွက်သင့်ပါတယ်။ ပေါက်ချောင်းကန်ပတ်လမ်းအနီးမှာ မိတ္ထီလာကန်ထဲက လာရောက်ကျက်စားတဲ့ငှက်တွေကို ဖမ်းဆီးသတ်ဖြတ်တာမလုပ်ဖို့ တားမြစ် ထားတဲ့ ဆိုင်းဘုတ်တစ်ခုပဲ တွေ့မြင်မိပါတယ်ဟု မိတ္ထီလာကန်အနီး တဝိုက်သို့ နှစ်စဉ် လာရောက်ကျက်စားသော ဆောင်းခိုငှက်များကို ဝါသနာအလျောက် လေ့လာမှတ်တမ်းတင် လေ့ရှိသည့် ပေါက်ချောင်းရပ်ကွက်ဒေသခံ ကိုမျိုးဝင်းအောင်က ပြောသည်။
မိတ္ထီလာတောင်ကန်နှင့် အနီးတဝိုက်သို့ နှစ်စဉ်လာရောက်ကျက်စားလေ့ရှိသည့် ဆောင်းခိုငှက် များတွင် အညာဒေသ၌ တွေ့မြင်ရခဲသည့် ဒေါင်းလန်းခြေထောက်ကဲ့သို့ ငှက်များလည်းပါဝင်ပြီး နိုဝင်ဘာလဆန်းမှ ဖေဖော်ဝါရီလနှောင်းပိုင်းကာလအထိ မိတ္ထီလာကန်သို့ ဆောင်းခိုငှက်များ လာရောက်ကျက်စားလေ့ရှိကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)