ပင်လောင်းမြို့ မြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ

ပင်လောင်း   ဖေဖော်ဝါရီ   ၂

ပွင့်လင်းရာသီအချိန်ရောက်ရှိလာသည့်အတွက် မီးလောင်မှုမဖြစ်ပေါ်စေရန် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြသခြင်း အသိပညာပေးလုပ်ငန်းများကို  ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသ ပင်လောင်းမြို့နယ် မြို့မဈေး၌ ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့သည်။

လုပ်ငန်းဆောင်ရွက်ရာတွင် မီးလောင်မှုဖြစ်ပေါ်ပါက အချိန်မီတားဆီးကာကွယ် ဆောင်ရွက်နိုင်ရန် မီးသတ်ဆေးဘူး ဖွင့်ပိတ် နည်း၊ မီးငြှိမ်းသတ်ရာတွင် မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုနည်း၊ အရေးပေါ်မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်း လုပ်ငန်းများ ကို မီးသတ်ဦးစီးဌာနမှ လက်တွေ့ သရုပ်ပြသမှု ဆောင်ရွက်ပြီး ဈေးအရောင်းဆိုင်ပိုင်ရှင်များက မီးသတ်ဆေးဘူး ဖြင့် လက်တွေ့ မီးငြှိမ်းသတ်ခဲ့ကြသည်။

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခွန်သိန်းရွှေ၊ မြို့နယ် စည်ပင်သာယာ ရေးဌာန အမှုဆောင်အရာရှိ ဦးဝင်းနိုင်ဦးနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးဝေလင်းအောင်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခွန်အာကာစိုး