ကျောက်တလုံးကြီး ဖေဖော်ဝါရီ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ နောင်ကားကျေးရွာအုပ်စု၊ ဆောင်ငုံးကျေးရွာ၌ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) အစီအစဉ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရှမ်းပြည်အစိုးရရန်ပုံငွေဖြင့် ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်း ပြီးစီး၍ လျှပ်စစ်ဓာတ်အားဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ယင်းနောင်ကားကျေးရွာအုပ်စု ဆောင်ငုံးကျေးရွာတွင် လက်ရှိလျှပ်စစ်ဓာတ်အားသုံးစွဲသည့် အိမ်ထောင်စု(၂၁၈)ရှိပြီး အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP) အစီအစဉ်ဖြင့် ၁၁ကေဗွီဓာတ် အားလိုင်း(၁.၁၆)မိုင်၊ ၁၁/၀.၄ကေဗွီ၊ (၂၀၀)ထရန်စဖော်မာ (၁)လုံးအား ဓနရာဇာကုမ္မဏီလိမီတတ်က တည်ဆောက်၍ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် အစိုးရရန်ပုံငွေ(၈၄.၂၈)သန်း အသုံးပြု၍ ရွာတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်း (၂)မိုင်တည်ဆောက်ခြင်းလုပ်ငန်းကို Z.N.H CO.,Ltd. က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြဝင်း(ပြန်/ဆက်)