လားရှိုး ဖေဖော်ဝါရီ ၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ပြန်လည် ထူထောင်ရေးစခန်း လားရှိုး၌ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ(၈)ရက်မှ ဧပြီ(၈)ရက်နေ့အထိ မူးယစ်ဆေးဖြတ်ကုသပြီးသူများအတွက် အမျိုးသမီးများ ပြန်လည်ထူထောင်ရေးသင်တန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါသင်တန်း၌ သင်တန်းသူများသာ လက်ခံမည်ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်ခြင်း၊ အသက်မွေးဝမ်းကျောင်းပညာ အလုပ်ပေး ကုထုံးများအဖြစ် ဆပ်ပြာဆီထုတ်ခြင်း၊ ဆံသသင်တန်း၊ စိုက်ပျိုးရေး သင်တန်းများအား စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သင်တန်းသူ(၂၀)ဦး သာ စတင်လက်ခံသွားမည်ဖြစ်ကာ မူးယစ်ဆေးအဆိပ်ဖြေကုသခြင်းအား စိတ်ကျန်းမာရေး အထူးကုဆေးရုံများတွင် ကုသပြီးသူများကို ဦးစားပေးလက်ခံပြန်လည်ထူထောင်မှုပေးမည်ဖြစ်ကြောင်း၊ ပြစ်မှုကင်းရှင်းကြောင်း အထောက်အထား၊ ကိုဗစ်-၁၉ Negative ဖြစ်ကြောင်းနှင့် ဘီပိုး၊ စီပိုး၊ တီဘီ ရောဂါ ကင်းရှင်းကြောင်း အထောက်အထား ပါရှိရမည်ဖြစ်သည်။
အဆိုပါသင်တန်းအား အုပ်ထိန်းသူကိုယ်တိုင်က သင်တန်းအပ်နှံကြောင်း လက်မှတ်ရေးထိုးအပ်နှံရမည်ဖြစ်ကြောင်း လားရှိုးမြို့ ပြန်လည်ထူထောင်ရေးစခန်းမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ရီရီချိုထံမှ သိရသည်။
ဟန်ဌေး (လားရှိုး)