လောက်ကိုင် ဖေဖော်ဝါရီ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်င်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ရန်လုံကျိုင်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း (၁/၄)မိုင် ဖောက်လုပ်နေမှုအား လောက်ကိုင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်မျိုးမှ ဇန်နဝါရီလ ၃၀ ရက်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းခိုင်ဦးနှင့် တာဝန်ယူဆောင်ရွက်သည့် ကိုးကန့်စိုက်ပျိုးရေးကုမ္ပဏီ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြသည်။
အဆိုပါလမ်းအရှည်မှာ (၁/၄)မိုင်ဖြစ်ပြီး တင်ဒါအောင်မြင်ငွေ (၇၅.၂) သန်းဖြင့် ကိုးကန့် စိုက်ပျိုးရေးကုမ္ပဏီက ဆောင်ရွက် လျက်ရှိပြီး မြေသားလမ်းဖောက်လုပ်ခြင်း လုပ်ငန်း(၇၀) ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် ရာသီမရွေးသွားလာနိုင်ရေး အတွက် ဗြုန်းကျောက် (၇၉၂၀ ပေ × ၁၂ ပေ × ၆ လက်မ) ခင်းခြင်းလုပ်ငန်းအား ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး လမ်းခင်းခြင်းလုပ်ငန်း ပြီးစီးပါက ရန်လုံကျိုင်းကျေးရွာ၊ တာ့လင်ကဲကျေးရွာနှင့် ကျုံကျိုင်းကျေးရွာရှိ စိုက်ပျိုးမြေဧက(၁၁၀)ခန့် အကျိုးသက်ရောက်မည် ဖြစ်ကြောင်း လောက်ကိုင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်မျိုးထံမှ သိရသည်။
ဇော်ဇော်အောင် (ပြန်/ဆက်)