မန္တလေး ဖေဖော်ဝါရီ ၁
ကိုဗစ်အလွန်ကာလတွင် ခရီးသွားလုပ်ငန်းများ ပြန်လည် ဖွင့်လှစ်လာပါက သနပ်ခါးဈေးကွက် ပိုမိုကောင်းမွန်လာကာ သနပ်ခါး ဈေးနှုန်းများမှာလည်း လက်ရှိရောင်းချနေသည့် ဈေးနှုန်းများထက် တိုးမြှင့်ရရှိလာနိုင်ကြောင်း မြန်မာနိုင်ငံ သနပ်ခါးအသင်း ဥက္ကဋ္ဌ ဦးကျော်မိုး က ပြော သည်။
လက်ရှိအခြေအနေတွင် သနပ်ခါးခြံပိုင်ရှင်များမှ တစ်ဆင့် ပြန်လည်ရောင်းချလိုသူများ အဆင်ပြေစေရန် အရာတော်မြို့နယ် သနပ်ခါး အသင်းကဦးဆောင်၍ သနပ်ခါး ပွဲရုံနှင့် အရောင်း ဈေးတန်းကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်း ဖွင့်လှစ် ရောင်းချပေး ခဲ့ကြောင်း၊ ကိုဗစ်ရောဂါဖြစ် ပွားနေ သော်လည်း ပိတ်ထားခြင်းမရှိဘဲ အရောင်းအဝယ်များ ပြုလုပ်ကာ လက်ရှိအချိန်အထိ ပုံမှန် အရောင်းအဝယ်များကောင်းမွန်နေကြောင်း၊ ထို့ကြောင့် ကိုဗစ်အလွန်ကာလတွင် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ် လာပါက သနပ်ခါး ဈေးအခြေအနေသည် လက်ရှိရောင်းချနေသည့် ဈေးထက် တိုးမြှင့် ပြောင်းလဲသွားနိုင်ကြောင်း သိရသည်။
“ကိုဗစ်ကာလမှာ သနပ်ခါးပွဲရုံကို မပိတ်ဘဲရောင်းချ ပေးပါတယ်။ အရောင်းအဝယ်ကောင်းပါတယ်။ အလား အလာလည်း ကောင်းပါ တယ်။ တစ်ပင်ကို ငွေကျပ် ၂၀၀၀ ကနေ ကျပ် ၁၀၀၀၀ တန်အထိ ရောင်းချရပါတယ်။ ပြည်တွင်းကိုပဲ ရောင်းချနေရတာပါ။ ဒီနှစ်က အရောင်းအဝယ်ကောင်းတဲ့အတွက် ခရီးသွားလုပ်ငန်းတွေ ပြန်လည် ဖွင့်လှစ်လာရင် သနပ်ခါးဈေးက နှစ်ဆတိုးမြင့်ပြောင်းလဲသွားနိုင်ပါတယ်။ သဘာဝသနပ်ခါးစစ်စစ်က မရှိတော့ဘူး။ အနယ်နယ်အရပ်ရပ်မှာ ရှားလာပါပြီ။ ပွဲရုံဖွင့် ရောင်းချပေးတဲ့ အတွက် သနပ်ခါး လာရောက်ဝယ်သူတွေ အခက်အခဲမဖြစ် တော့ပါဘူး။ ခြံအရောက်သွား ကြည့်စရာလည်း မလိုတော့ ပါဘူး။ ပွဲရုံမှာ လာဝယ် တဲ့အတွက်ကြောင့် ပစ္စည်းလည်း မမှားဘူး၊ ဈေးနှုန်းကလည်း မများပါဘူး” ဟု ဦးကျော်မိုးက ပြောသည်။
အဆိုပါ အရာတော်မြို့နယ်တွင် သနပ်ခါးစိုက်ပျိုးဧက ပေါင်း တစ်သိန်းကျော်ရှိပြီး သနပ်ခါး ပို့ကုန်အနေဖြင့် တစ်နိုင်ငံလုံး၏ ၇၅ ရာခိုင်နှုန်း ထုတ်လုပ်တင်ပို့ရောင်းချ ကြောင်း၊ အရာတော် သနပ်ခါးသည် ကျောက်ကုန်းထွက် ဖြစ်သဖြင့် သဘာဝအတိုင်း အပွေး ညိုခြင်း၊ အပွေးထူခြင်း၊ အနံ့မွှေး၍ ဆေးဖက်ဝင်ခြင်းများကြောင့် လူကြိုက်များ ကြောင်း၊ သနပ်ခါးအထွက်များသည့် အရာတော်မြို့ ကို သနပ်ခါးမြို့တော်အဖြစ် အသိအမှတ်ပြုသည့်အနေဖြင့် မြို့အဝင်နေရာများတွင် သနပ်ခါးမြို့တော် အရာတော် ဆိုင်းဘုတ်များ စိုက်ထူ ထားကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)