ရန်ကုန် ဖေဖော်ဝါရီ ၁
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် ကိုဗစ်လွန်ကာလ၌ ပြည်တွင်း၊ ပြည်ပခရီးသွားများ ရန်ကုန် မြစ်ကြောင်းအတိုင်း အပန်းဖြေ လာရောက်လည်ပတ်နိုင်ရန် ဆိပ်ခံ ဗောသစ် တစ်ခုကို ၂၀၂၀-၂၀၂၁ ဘတ်ဂျက်တွင် တည်ဆောက်မည် ဖြစ်ကြောင်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနမှ သိရသည်။
“ပဲခူးမြစ်နဲ့ကပ်လျက်အခြမ်းမှာဆိပ်ခံဗောတစ်ခုတည်ဆောက်ဖို့ရှိပါတယ်။ ဗိုလ်တထောင်၊ ပန်းဆိုးတန်း ဆိပ်ကမ်းကနေ ရန်ကုန်မြစ် အတိုင်း တိုင်းရင်းသားကျေးရွာကို နိုင်ငံတကာ ခရီးသွားတွေ အပျော်စီးသင်္ဘောနဲ့လာရောက်လည်ပတ်နိုင်ဖို့ ဆိပ်ခံဗောကို ၂၀၂၀ - ၂၀၂၁ ခုနှစ် ဘတ်ဂျက်မှာ တည်ဆောက်ဖို့ရှိတယ်။ ပြည်တွင်းခရီးသွားတွေလည်း မြစ်ပြင် အလှ ကြည့်ရင်း လာရောက်လည်ပတ် နိုင်မှာပါ။ နိုင်ငံခြားခရီးသွားတွေတစ်ရက်တာ အပန်းဖြေ အနားယူနိုင်ဖို့တိုင်းရင်းသား ရှစ်မျိုးရဲ့ ရိုးရာအစား အစာတွေကို ကိုယ်တိုင် ချက်ပြုတ် စားသောက်နိုင်မယ့်အစီအစဉ်လည်းပါပါတယ်။ ခွင့်ပြုချက်ရတာနဲ့ ဖွင့်လှစ်ဖို့ ကိုဗစ် - ၁၉ ရောဂါ စည်းကမ်း သတ်မှတ် ချက်နဲ့အညီ ပြင်ဆင်နေ ပါတယ်” ဟု တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာမှ ဒုတိယ ညွှန်ကြား ရေးမှူးဦးမျိုးဝင်းက ပြော သည်။
ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာကို ၂၀၀၂ ခုနှစ် ဒီဇင်ဘာ၂၈ ရက် တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကိုဗစ် - ၁၉ ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် မတ် ၂၄ ရက်တွင် ယာယီ ပိတ်ထားခဲ့ရာ ပြန်လည်ဖွင့်လှစ်ပါက အများပြည်သူ အပန်းဖြေနိုင် ရုံသာမက ဝန်ဆောင်မှု အသစ်ဖြစ်သော နိုင်ငံခြားခရီးသွားများ တစ်နေ့တာ အပန်းဖြေနိုင်မည့် အစီ အစဉ်သစ် ကို ဆောင်ရွက်နေကြောင်း သိရသည်။
ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာရှိ နန်းမြို့မျှော်စင်အတွင်း တိုင်းရင်းသားရှစ်မျိုး၏ ရိုးရာဓလေ့ကို ပြသရန် ပြင်ဆင် လျက်ရှိပြီး တိုင်းရင်းသားငါးမျိုး၏ အမဲလိုက် ဟန် ပလာ စတာရုပ်တု ၂၂ ခု မတ်လကုန်ပိုင်း၌ ရောက်ရှိမည်ဖြစ်ရာ ကျန်သော တိုင်းရင်းသား သုံးမျိုး၏ ရုပ်တုကိုလည်း ဆက်လက်ထုဆစ် သွားမည်ဖြစ်ကြောင်း၊ ပြန်လည်ဖွင့်လှစ်ပါက တိုင်းရင်းသားရှစ်မျိုး၏ ရိုးရာ အ ကဖျော်ဖြေမှုကို ရုံးပိတ်ရက် တွင် ပုံမှန်အစီအစဉ်အတိုင်း ကျင်းပ မည်ဖြစ်ပြီး ကိုဗစ်လွန်ကာလ ၌ ရန်ကုန်မြို့၏ ခရီးသွားကဏ္ဍ အထောက်အပံ့ဖြစ်စေရန်နှင့် ပြည်တွင်း ပြည်ပခရီးသွားများကို အပန်းဖြေ ဝန်ဆောင်မှုပုံစံသစ် တစ်ခုအနေဖြင့် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာမှ ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။
သန်းထိုက်