စစ်တွေ ဖေဖော်ဝါရီ ၁
စစ်တွေမြို့နယ် (စစ်တွေ- ပုဏ္ဏား ကျွန်း) ကျားမသောက်ကျေးရွာ ကားလမ်းမပေါ်တွင် ရာသီသီးနှံခဝဲနှင့် သခွားသီးနှံ များစိုက်ပျိုး အောင်မြင် ဖြစ်ထွန်းသောကြောင့် ဈေးကွက်တွင် အရောင်းသွက်ကာ မိသားစုစားသုံး စရိတ်ဖူလုံလျက်ရှိကြောင်း ရာသီသီးနှံ လုပ်ငန်း စိုက်ပျိုး လုပ်ကိုင်သူ ဦးမောင် ထွန်းလှက ပြောသည်။
‘‘ ရာသီသီးနှံ စိုက်ပျိုးလုပ်ကိုင် ခြင်းကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ လဆန်းမှ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပြီး သခွား၊ တိုင်ထောင် ပဲနဲ့ အခုဆိုရင်ခဝဲသီးနှံတွေကို အဓိက စိုက်ပျိုးနေပါတယ်။ အခုကျွန်တော် စိုက်ပျိုးထားတဲ့ စိုက်ခင်းက ဧက ၃ ဒသမ ၆၀ ရှိပြီး သခွား၊ ခဝဲ၊ တိုင်ထောင် ပဲ၊ ကြက်သွန်၊ ဖရဲ၊ ခရမ်းချဉ်နဲ့ခရမ်း သီးနှံတွေကို စိုက်ပျိုးထားပါတယ်။ စိုက်ပျိုးထားတဲ့ နည်းစနစ်တော့ အတန်းလိုက်မျိုးစေ့ချ၊ ရေသွင်း စိုက်ပျိုးနည်းကို အသုံးပြုစိုက်ပျိုးခြင်း ဖြစ်ပါတယ်။ ရာသီသီးနှံစိုက်ပျိုး ကုန်ကျစရိတ်ကတော့ မြေပြုပြင်၊ ထွန်ယက်ခ၊ မျိုးကောင်းမျိုးသန့် မျိုးစေ့ဝယ်၊ ပိုးသတ်ဆေး၊ သဘာဝ မြေသြဇာ၊ ဓာတ်မြေဩဇာ၊ ပလတ် စတစ်စ၊ နိုင်လွန် ပိုက်၊ သစ်၊ဝါးနှင့် လုပ်သားခ စုစုပေါင်းငွေကျပ်သိန်း ၃၀ ခန့် ကုန်ကျပါတယ်။ ထွက်ရှိလာတဲ့ ရာသီသီးနှံတွေကို စစ်တွေမြို့ မြို့မ ဈေးနဲ့ ပုဏ္ဏားကျွန်းမြို့ ပတ်ဝန်းကျင် ကျေးရွာတွေကို လက်လီလက်ကား ရောင်းချလျက်ရှိပါတယ်။ အခုခဝဲနဲ့ သခွားသီးနှံတွေထွက်တဲ့ အချိန်မှာတော့ အထွက်ကောင်းရင် ကောင်းသလောက်ပေါ့။ တစ်ရက်ငွေကျပ် ၃၀၀၀၀ ကနေငွေကျပ် ၅၀၀၀၀ အထိ ရရှိတဲ့အတွက် လုပ်သား တွေလည်း ငွေပေးချေရတာ အဆင်ပြေပြီး တော့ မိသားစုဝင်ငွေလည်း ကောင်းတာ ပေါ့’’ ဟု ၎င်းက ပြောသည်။
စစ်တွေမြို့နယ်တွင် စိုက်ပျိုးသီးနှံ များထုတ်လုပ်သည့် တောင်သူများမှာ စိုက်ပျိုးရေးနည်းပညာ အားနည်းသည့်အတွက် စိုက်ပျိုးရေး နည်းပညာပေးခြင်းများ၊ တစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများ အတွက် ချေးငွေထုတ်ချေးပေး ခြင်းများကို ကူညီပေး စေလိုကြောင်း နှင့် ထိုသို့လုပ်ဆောင်ပေးခြင်းဖြင့် ရာသီသီးနှံများ စိုက်ပျိုးခြင်းကို တိုးချဲ့ လုပ်ဆောင်နိုင်မည်ဖြစ်ကာ ကျေးရွာ အတွင်းနေကြသည့် ပြည်သူများမှာလည်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။
ယခုအခါတွင် စိုက်ပျိုးသီးနှံများအောင်မြင်ဖြစ်ထွန်းလာခြင်း၊ ခဝဲနှင့် သခွားသီးနှံများလည်း အထွက်ကောင်းပြီး အရောင်းအဝယ် လိုက်လာ ခြင်းကြောင့် မိသားစုစားဝတ်နေရေး ဖူလုံ လျက်ရှိကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)