ကျိုင်းတုံ ဇန်နဝါရီ ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်ရွေးချယ်ခန့်အပ်နိုင်ရေးအတွက် ကြီးကြပ်ရေးမှူး အဖွဲ့(၅)ဦး ရွေးချယ်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲက မိုင်းဇင်းကျေးရွာအုပ်စု၊ ပင်းဆိုင်း(ဝ) ခရစ်ယာန်ဘုရားကျောင်း၌ ပြုလုပ်သည်။
ရွေးချယ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး များ ရွေးချယ်ရာတွင် အဖွဲ့ဝင်(၅)ဦး ပါဝင်သော ကြီးကြပ်ရေးအဖွဲ့မှ ကြီးကြပ်ပြီး သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စု ကိုယ်စားလှယ်များက ရွေးချယ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်စုမွန်ကျော်၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်သီရိလွင်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းရွှေအောင်တို့က ကြီးကြပ်ရေးအဖွဲ့(၅)ဦး ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြ သည့် ကျေးရွာနေ ပြည်သူများက သိလိုသည်များမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ကျေးရွာပြည်သူများက ကြီးကြပ်ရေးမှူး (၅)ဦး စိစစ်ရွေးချယ်ကြသည်။ ကျိုင်းတုံမြို့နယ်တွင် ရပ်ကွက်(၅)ရပ်ကွက်နှင် ကျေးရွာအုပ်စု (၃၃)အုပ်စု ရှိပြီး ကြီးကြပ်ရေးမှူးအဖွဲ့(၅)ဦး ရွေးချယ်ခြင်းကို မြို့နယ်ဌာနဆိုင်ရာ အကူအညီပေးရေး ကြီးကြပ်ရေးအဖွဲ့များက ဆက်လက် ရွေးချယ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)