ဖားကန့် ဇန်နဝါရီ ၃၁
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်သို့ လာရောက်သူများအနေဖြင့် ဖားကန့်ဒေသခံ မှတ်ပုံတင် ၁/ကမန ပါရှိရမည်ဖြစ်ပြီး မိမိလာရာအရပ်ဒေသမှ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူး ထောက်ခံချက်ပါရှိခြင်းနှင့် ဖားကန့်ဒေသတွင်းမှ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ထောက်ခံချက်ရရှိခြင်း၊ ဝန်ထမ်းများ ဖြစ်ပါက သက်ဆိုင်ရာ ဌာန/ကုမ္ပဏီ၏ ဝန်ထမ်းဖြစ်ကြောင်းထောက်ခံချက်တို့ပါရှိခြင်း၊ စသည့်အချက်များနှင့် အကျုံးဝင်မှသာ မြို့နယ်တွင်း ဝင်ရောက်ခွင့်ပြုတော့မည် ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်ထံမှ သိရသည်။
အဆိုပါ ထုတ်ပြန်ချက်အား အများပြည်သူကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ယနေ့မှ ဖေဖော်ဝါရီ ၂ ရက်နေ့အထိ သုံးရက်တိုင် မြို့အဝင်အထွက် ဂိတ်များ၌ ဗွီနိုင်းများထောင်ခြင်း၊ မြို့တွင်း လော်စပီကာ များဖွင့်၍ ကြေညာ ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၃ ရက်နေ့မှစတင်ကာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိပါက မြို့နယ်တွင်းဝင်ရောက်ခွင့်မပြုတော့ကြောင်း သိရသည်။ မြို့နယ်တွင်းဝင်ရောက်ခွင့်ရသူများ အနေဖြင့်လည်း ကျန်းမာရေးဦးစီးဌာန၏ သတ်မှတ်ချက်များ အတိုင်း Quarantine ဝင်ကြရမည်ဖြစ်သည်။
ယနေ့အထိ ဖားကန့်၌ ကိုဗစ်-၁၉ ပိုးတွေ့သူပေါင်း (၅၉၀)ဦးအနက် သေဆုံးသူ(၂)ဦး၊ ဆေးကုသမှုခံ ယူလျက်ရှိနေသူ(၁၁၃)ဦးတို့ရှိနေသည်။ လက်ရှိ ဖားကန့်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ဇန်နဝါရီ ၂၈ ရက်နေ့မှ ကျန်းမာရေး ဝန်ထမ်း(၁၈၈)ဦးအား ထိုးနှံမှုပေးနိုင်ခဲ့ပြီဖြစ်ပြီး ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးကို စနစ်တကျ ဆောင်ရွက်နေကြောင်း ကျန်းမာရေးမှူး-၁ ဦးမင်းသူထံမှ သိရသည်။
တာလင်းမောင်(ပြန်/ဆက်)