နောင်ချို ဇန်နဝါရီ ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးလင်းအောင် နှင့် မြို့နယ်ခရီးသွား လုပ်ငန်းဖွံ့ဖြိုးရေးကော်မတီမှ တာဝန်ရှိသူများသည် ခရီးစဉ်သစ် ဖော်ဆောင်နိုင်ရေးအတွက် "ထန်ပညာဂူ" သို့ ယမန်နေ့ ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ " ထန်ပညာဂူ" သည် နောင်ချိုမြို့နယ်နှင့် ၆ မိုင်အကွာတွင် တည်ရှိပြီး ဂူပေါက်ဝ ၁၅ ပေ၊ အကျယ် ပေ ၂၀၀၊ ဂူအရှည် ပေ ၇၀၀ ခန့်ရှိကြောင်း၊ ဂူအတွင်းသို့ ဝင်ရောက်လေ့လာရာတွင် မီးတုတ်များဖြင့်သွား လာရကြောင်း၊ အဆိုပါဂူသည် သဘာဝဂူကြီးဖြစ်ပြီး အောက်ဆီဂျင် ကောင်းကောင်း ရရှိကြောင်း၊ သားရဲတိရိစ္ဆာန်များအန္တရာယ် ကင်းရှင်းကြောင်း၊ ဂူတွင်း၌ ကျောက်စက် ပန်းဆွဲများ၊ ကျောက်လျှာခင်များဖြင့် လှပမှုများကိုခံစားနိုင်ကြောင်း၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ရှာဖွေဖော်ထုတ်ခဲ့ကြောင်း မြို့နယ်ခရီးသွား လုပ်ငန်းဖွံ့ဖြိုးရေး ကော်မတီထံမှ သိရသည်။
"ထန်ပညာဂူ" အား သဘာဝတောတွင်းလေ့လာမှုခရီးစဉ်အဖြစ် ဖော်ဆောင်မည်ဖြစ်ပြီး ဂုတ်ထိပ် မှန်တံတားနှင့် ခရီးစဉ်တစ်ခုတည်းတွင် တည်ရှိကာ ပြည်တွင်းသတင်းမီဒီယာများမှ လာရောက် လေ့လာလျက်ရှိကြောင်း သိရသည်။
ထွေးငယ်(နောင်ချို/ပြန်ဆက်)