ကော့မှူး ဇန်နဝါရီ ၃၁
ရန်ကုန်တောင်ပိုင်ခရိုင် ကော့မှူးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်နှင့် အသစ်ပြန်လည် ရွေးချယ်နိုင်ရေး ဥပဒေ၊ နည်းဥပဒေများအား အသိပညာပေးဆွေးနွေးခြင်းကို ယမန် နေ့မွန်းလွဲပိုင်းက မျက်ဆံနီကျေးရွာ ဘက်စုံသုံးခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကူအညီပေးရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် မြို့နယ်စီမံကိန်းဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ကြည်ကြည်ခိုင်နှင့် တာဝန်ရှိသူများက ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဥပဒေ၊ နည်းဥပဒေ များပြင်ဆင် သည့် ဥပဒေ၊ နည်းဥပဒေများနှင့် ရွေးချယ်မှုလုပ်ငန်းစဉ်အစအဆုံး လဝကပုံစံ ၆၆/၆ ပါအိမ် ထောင်စုစာရင်းမှ ကိုယ်စားလှယ် တစ်ဦးသာ အမည်စာရင်းပေးသွင်းခြင်း၊ ပျက်ကွက်ပါက ကန့်ကွက်ပိုင် ခွင့်မရှိခြင်း၊ အနည်းဆုံးငါးနှစ် နေထိုင်ပြီး အများကြည်ညိုလေးစားသော ရပ်မိ ရပ်ဖ ရွေးချယ်ပေးနိုင်ရေး တို့အား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော ရပ်ကွက်နေ ပြည်သူများက သိရှိလိုသည်များအား မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့သည်။
ကော့မှူးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး အသစ်များကို ၂၀၂၁ခုနှစ် ဧပြီလ၁ရက်နေ့တွင် စတင်တာဝန် ထမ်းဆောင်နိုင်ရေး အတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း လုပ်ငန်း ဆောင်ရွက်ရန်အတွက် ဌာနဆိုင် ရာများ ပူးပေါင်း၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ သတ်မှတ်ကာလအတွင်း အပြီးရွေးချယ် ဖွဲ့စည်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ထို့နောက် ရပ်ကွက်အတွင်း နေထိုင်ကြသည့် အိမ်ထောင်စု ကိုယ်စားလှယ်များက သတ်မှတ်ချက်များနှင့် အညီ ရပ်မိရပ်ဖ ငါးဦးအား ပွင့်လင်းမြင်သာစွာ မဲစနစ်ဖြင့် ရွေးချယ်ပေးခဲ့ကြောင်းသိရသည်။
ကျော်သူရ (ကော့မှူး)