တံတားဦးမြို့နယ် သာယာအေးကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌စာသင်ဆောင်ဆောက်လုပ်ရန် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကျင်းပ

တံတားဦး ဇန်နဝါရီ ၃၁

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ချောင်းဆုံကျေးရွာအုပ်စု သာယာအေးကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ၆၀’×၃၀’×၁၂’ ရှိ စာသင်ဆောင်ဆောက်လုပ်ရန်အတွက် ယနေ့နံနက် (၁၀)နာရီက ပန္နက်တော်တင်မင်္ဂလာ အခမ်းအနား ကျင်းပကြောင်း သိရသည် ။

အဆိုပါ ပန္နက်တော်တင်မင်္ဂလာအခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းနီ၊ မြို့နယ်ပညာရေးမှူး ဦးကျော်ကျော်မွန်၊ ကျေရွာကျောင်းအုပ် ဆရာမကြီး ဒေါ်မြဝတ်မှုံနှင့် ဆရာ/မများ၊ ကျောင်းအကျိုးတော်ဆောင် ကော်တီဝင်များတက်ရောက်ပြီး မင်္ဂလာအချိန် ယနေ့နံနက်(၁၀)နာရီ အချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်ပညာရေးမှူး၊ ကျေးရွာကျောင်းအုပ်ဆရာမကြီးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး  ဦးမိုးတို့က အဆောက်အဦးအား ပန္နက်တော်တင်ပေးကြပြီး မင်္ဂလာပန္နက်တိုင်များကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။ ယနေ့ပန္နက်တော်တင်သည့် အဆောက်အဦးသည် ၆၀’×၃၀’×၁၂’ စာသင်ဆောင်တွင် အုတ်ညှပ်(၁)ထပ် Steel Structure အဆောက်အဦးဖြစ်ကြောင်း အဆိုပါအဆောက်အဦး၏ စုစုပေါင်း ကုန်ကျငွေတန်ဖိုးမှာ (၃၄၉)ကျပ်သိန်းဖြစ်ကြောင်း အဆောက်အဦးကို  လင်းလက်မိုး  ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်မည်ဖြစ်ကြောင်း အဆိုပါကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် ဆရာ/မ(၅)ဦးရှိပြီး ကျောင်းသာ/သူများ အနေဖြင့် (၇၆)ဦးရှိပါကြောင်း ကျောင်းအုပ်ဆရာမကြီးက ပြောကြားသည်။

တံတားဦးမြို့နယ်အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ကျောင်းပေါင်း(၃)ကျောင်း၊ ကျောင်းပြုပြင် ထိန်းသိမ်းရန် ကျောင်းပေါင်း(၁၆)ကျောင်း၊ လျှောက်လမ်းရရှိသည့် ကျောင်းပေါင်း(၂)ကျောင်း၊ ခြံစည်းရိုးကာရန်ခြင်းနှင့် သန့်စင်ခန်း ရရှိသည့် ကျောင်းပေါင်း(၃၃)ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည် ။

ရဲတင့်(တံတားဦး-ပြန်/ဆက်)