မိုးမိတ် ဇန်နဝါရီ ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် မိမိတို့နေထိုင်ရာ ရပ်ကွက်/ ကျေးရွာများ၌ ဒေသကောင်းကျိုးနှင့်ရပ်ကျိုး/ ရွာကျိုးများကို သယ်ပိုးထမ်းရွက်နိုင်မည့် အုပ်ချုပ်ရေးမှူးကောင်းများ ပြန်လည်ရွေးချယ်ပေးနိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ (၅) ဦးရွေးချယ် ဖွဲ့စည်းဆောင် ရွက်ခြင်းကို မြောက်ပိုင်းရပ်ကွက် ရွှေတောင်ဦးဘုရားဓမ္မာရုံ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ရပ်ကွက်/ ကျေးရွာ ကြီးကြပ်ရေးအဖွဲ့ (၅) ဦး ရွေးချယ်ပေးနိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများပါဝင်တဲ့ အကူအညီပေးရေးဖွဲ့မှ မြို့နယ် စည်ပင် သာယာရေး ဦးစီး ဌာနမှ အမှုဆောင်အရာရှိ ဦးတင်ရှိန်က ရွေးချယ်ဖွဲ့စည်းခြင်း ဆိုင်ရာ ဥပဒေ ၊နည်းဥပဒေများနှင့် လုပ်ငန်းစဉ်များကို ရှင်လင်းပြောကြားခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရန်အတွက် မိမိတို့ နေထိုင်ရာရပ်ကွက်အတွင်းရှိ အများကြည်ညိုလေးစားသည့် အဖွဲ့ဝင်(၅) ဦး ပါဝင်သည့် ကြီးကြပ်ရေး အဖွဲ့ကို သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရွေးချယ်ပေး ခဲ့ကြောင်းသိရသည်။
မိုးမိတ်မြို့နယ်အတွင်း ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အများကြည်ညို လေးစားသည့် ရပ်မိ/ရပ်ဖ (၅)ဦး ဖွဲ့စည်းနိုင်ရေးအတွက် ပူးပေါင်း ပါဝင်နိုင်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကူအညီပေးရေးအဖွဲ့(၈)ဖွဲ့ကို ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပြီး အဆိုပါအဖွဲ့များမှ ရပ်ကွက်/ကျေးရွာအုပ်စု (၃၁)အုပ်စုတွင် ကြီးကြပ်ရေးအဖွဲ့ (၅) ဦးရွေးချယ် ဖွဲ့စည်းခြင်းကို ဖေဖော်ဝါရီလ ပထမပတ် အတွင်းအပြီး ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးမိတ်သား(စည်သူဌေး)