ကျောက်မဲ ဇန်နဝါရီ ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၌ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ကြီးကြပ်ဆောင်ရွက်မည့် ကြီးကြပ်ရေး အဖွဲ့ဝင်များ စိစစ်ရွေးချယ်ခြင်းကို အမှတ် ၅ ရပ်ကွက်အတွက် အမက (၁) စာသင်ကျောင်းတွင်လည်းကောင်း၊ အမှတ် ၇ ရပ်ကွက်အတွက် ဥတ္တရဓမ္မာရုံတွင် လည်းကောင်း မြို့နယ် ကွင်းဆင်း ရွေးချယ်ရေးအဖွဲ့မှ ယမန်နေ့ က ကွင်းဆင်းရွေးချယ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစိစစ်ရာတွင်မြို့နယ် ကွင်းဆင်းရွေးချယ်ရေးအဖွဲ့မှ အဖွဲ့ဝင် ကျေးလက်လမ်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညွှန်ရွှေက ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ပုံ အဆင့်ဆင့်နှင့် ကြီးကြပ်ရေး အဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များကို ရှေးဦးစွာ အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများက ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာသော ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု ကိုယ်စားလှယ်များမှ အဆိုပြုရွေးချယ် တင်ပြသည့် ကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင် ၅ ဦး အား အတည်ပြုခဲ့ကြကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း ၉၀ ရှိပြီး ရပ်ကွက်/ကျေးရွာအုပ်စု ရွေးချယ်ရာတွင် ကြီးကြပ်ရေးအဖွဲ့အား ရွေးချယ်ဖွဲ့စည်းခြင်းကို ဖေဖေါ်ဝါရီပထမ အပတ်အတွင်း အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)