သိန္နီမြို့နယ်၌ ကျေးရွာအုပ်စုရွေးချယ်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းတာ၀န်ပေး

သိန္နီ ဇန်နဝါရီ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင်ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများပြန်လည် ရွေးချယ်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းလုပ်ငန်းများကို ယနေ့ မွန်းလွဲပိုင်းအချိန်က ပန်တီးကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ကြီးကြပ်ရေးအဖွဲ့ဖွဲ့စည်းရာတွင် အဖွဲ့ခေါင်းဆောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းလတ် က ရွေးချယ်ရ ခြင်း ရည်ရွယ်ချက်များ အကြောင်းရှင်းလင်း ဆွေးနွေးပြီး၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိဦးမင်းမင်းသစ်က ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းတာ၀န်များကို ရှင်းလင်း ပြေကြားသည်။

ယင်းနောက်တက်ရောက်လာကြသည့်အိမ်ထောင်စုကိုယ်စားလှယ်များက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး များဖွဲ့စည်းနိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖိုးချို( ပြန်/ဆက်)