သန်လျင် ဇန်နဝါရီ ၃၁
ရန်ကုန်တောင်ပိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် သန်လျင်မြို့နယ်အတွင်း နွေစပါးနှင့် ဆောင်းသီးနှံ ပဲတီစိမ်း GAP စနစ်ဖြင့် စိုက်ပျိုးထားရှိမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ယမန်နေ့ နံနက်ပိုင်းက သန်လျင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆန်းထွန်းဝင်းနှင့် တာဝန်ရှိသူများသည် သန်လျင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးစန်းအောင်နှင့် စိုက်ပျိုးရေးဝန်ထမ်းများနှင့်အတူ သန်လျင်မြို့နယ် ပုဂံတောင်ကျေးရွာနှင့် သူဌေးကွင်းကျေးရွာရှိ ဆောင်းသီးနှံ ပဲတီစိမ်း GAP စနစ်ဖြင့် စိုက်ပျိုးထားရှိမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ပဲစိုက်တောင်သူများနှင့်တွေ့ဆုံကာ GAP နည်းစဉ်များဖြင့် ပဲတီစိမ်းစိုက်ပျိုးရေး နည်းပညာပေးခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာများအား ဆွေးနွေးလမ်းညွှန်မှာကြားပြီး စစ်ပင်ကွင်းကျေးရွာရှိ နွေစပါး ဘောင်ပျိုးစနစ်ဖြင့် စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာ ကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ သုံးခွမြို့နယ်နှင့် ခရမ်းမြို့နယ်များတွင် ဆောင်းသီးနှံ ပဲတီစိမ်းများကို EU နိုင်ငံများသို့ တင်ပို့သောကုမ္ပဏီများမှ တောင်သူများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျှက်ရှိရာ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ပဲတီစိမ်းစိုက်ဧက ၃၅၀၀၀၀ တွင် နှစ်စဉ် ပဲတီစိမ်းဧက ၄၀၀၀၀ ကျော်အား GAP နည်းစဉ်များဖြင့် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)