ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၃၁
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရပ်ကွက် ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် အုပ်ချုပ်ရေးမှူးများရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးမှူး (၅)ဦးရွေးချယ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ စ၍ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သည့် ကြီးကြပ်ရေး အဖွဲ့မှ သက်ဆိုင်ရာ ရပ်ကွက်အလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကွင်းဆင်း ဆောင်ရွက်လျက်ပေးလျက်ရှိသည်။ ဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်အောင်မြင့် ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက အဖွဲ့ခွဲ၍ ရပ်ကွက်အလိုက် ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ဝင် (၅)ဦးကို ရပ်ကွက်နေပြည်သူများ၏ ဆန္ဒမဲဖြင့်ရွေးချယ်ပေးပြီး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က ရွေးချယ်ခံရသည့် ကြီးကြပ်အဖွဲ့ရေးအဖွဲ့ဝင် (၅)ဦးမှ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက်(၉) ရပ်ကွက်ရှိရာ ကြီးကြပ်ရေးအဖွဲ့ဝင် (၅)ဦးရွေးချယ်ခြင်းကို ဇန်နဝါရီ (၃၀)ရက်မှ ဖေဖော်ဝါရီ (၁)ရက်အထိ ရပ်ကွက်အလိုက် ရပ်ကွက်နေ ပြည်သူများ၏ ဆန္ဒနှင့် အညီ ရွေးချယ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)