မန္တလေး ဇန်နဝါရီ ၃၁
ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြီးကြပ်ဆောင်ရွက်မည့် ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ပွဲ အခမ်းအနားကို ယနေ့နံနက်၉နာရီက အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်၊ ၂၄လမ်း၊ ၆၄လမ်းနှင့်၆၅လမ်း ကြား၊ အမှတ်(၁၄) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပသည်။
အခမ်းအနားတွင်အောင်မြေသာစံမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးရန်အောင်က အဖွင့်အမှာစကားပြောကြားပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မျိုးမင်းက ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက်ရွေးချယ်ပွဲကိုကျင်းပရာ အခမ်းအနားသို့တက်ရောက်လာကြသည့်အိမ်ထောင်စု ကိုယ်စားလှယ်များက မဟာဇေယျာဘုံရပ်ကွက်၏ ကြီးကြပ်ရေး အဖွဲ့ကို ရွေးချယ်ပေးကြရာ ဦးသန်းထိုက်၊ ဦးဝင်းဇော်၊ ဦးကျော်စိုး၊ ဦးသိန်းဇော်၊ ဦးခင်မောင်ဌေးတို့(၅) ဦး အား ကြီးကြပ်ရေးအဖွဲ့ဝင်(၅)ဦးအဖြစ် ရွေးချယ်ပေးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ရာတွင် ကြီးကြပ်ဆောင် ရွက်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများဖြစ်ကြသော အောင်မြေသာစံ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ဇော်ဟိန်း၊ မြို့နယ်ဥပဒေရုံးမှ ဒုတိယဥပဒေအရာရှိ ဒေါ်ဌေးဌေးဝင်း၊ မြို့နယ်ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးရန်အောင်တို့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မျိုးမင်း၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ၊ ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)