မိုင်းယုမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် နေ့ညမပြတ် အထူးကြပ်မတ် စစ်ဆေး

မိုင်းယု ဇန်နဝါရီ ၃၁

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက်  တာကြန့်ကျေးရွာရှိ ဟိုခိုတံတားအနီး၌ ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ လူဝင်/ထွက် ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများ နေ့ညမပြတ် အထူးကြပ်မတ်စစ်ဆေး ဆောင်ရွက်နေလျက်ရှိသည်။

အဆိုပါ စစ်ဆေးမှုတွင် မြို့ကိုဗစ်-၁၉ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုး၏ ကြီးကြပ်မှုဖြင့် ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ကျန်းမာရေး၊ ထွေ/အုပ်၊ ရဲတပ်ဖွဲ့၊ လဝက၊ မီးသတ်နှင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးတို့က ပူးပေါင်းပါဝင်ကြပြီး ဟိုခိုတံတားအနီး ကျန်းမာရေးစစ်ဆေးဂိတ်၌ မိုင်းယုဒေသသို့ ဝင်ရောက်လာကြသည့် ယာဉ်မောင်းများ၊ ခရီးသည်များနှင့် ခရီးသွား ပြည်သူများကို ခရီးသွားရာဇဝင် ကောက်ခံခြင်း၊ လက်ဆေးခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာခြင်းများအား စစ်ဆေးဆောင်ရွက်နေလျက်ရှိသည်။

ယင်း ကျန်းမာရေးစစ်ဆေးဂိတ်၌ စစ်ဆေးမှုများကို ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့က စတင်ခဲ့ပြီး နေ့စဉ် နံနက် ၇ နာရီအချိန်မှ ည ၉ နာရီ အချိန်အထိ ကော်မတီအဖွဲ့ဝင်များက အလှည့်ကျဆီ စောင့်ကြည့်စစ်ဆေး မှုများပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)