ကျိုင်းတုံမြို့၌ စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်း ဖွင့်လှစ်မည်

ကျိုင်းတုံ၊  ဇန်နဝါရီ  ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌  လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၊ ပြန်လည်ထူထောင်ရေးဦးစီဌာနမှ မူးယစ်ဆေးသုံးစွဲသူပပျောက်ရေးနှင့် မူးယစ်ဆေးဝါးကင်းစင်သည့် ရပ်ရွာဒေ သဖော်ဆောင်နိုင်ရေးရည်ရွယ်၍ စခန်းအခြေပြု မူးယစ်ဆေးဖြတ် ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းကို ၂၀၂၁ ခုနှစ်၊  ဖေဖော်ဝါရီလ ၈ရက်နေ့တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ဖွင်လှစ်ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဗဟိုထိန်းချုပ်ရေး ကော်မတီ၏ စည်းကမ်းချက်၊ သတ်မှတ်ချက်၊ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်မည့်အပြင် သင်တန်းသား(၂၀)ဦးဖြင့်သာ ကနဦးဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် သင်တန်း ကာလမှာ (၈-၂-၂၀၂၁) မှ(၈-၄-၂၀၂၁)ရက်တန့်အထိ (၂)လကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ တက်ရောက်လိုသူများအနေဖြင့် မိမိတို့နေထိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များ၏ ရပ်ကွက်တွင် နေထိုင်ကြောင်းထောက်ခံချက်နှင့် မှတ်ပုံတင်မူရင်းကို လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ၊  B ပိုး၊ တီဘီရောဂါ နှင့် ကူးစက်တတ်သောရောဂါ ကင်းရှင်းကြောင်း ထောက်ခံချက်နှင့်တကွ မိဘ၊ အုပ်ထိန်းသူ(သို့) ဆွေမျိုးတော်စပ်သူတစ်ဦးကိုယ်တိုင် လာရောက် အပ်နှံရမည်ဖြစ်ပြီး၊ အမှန်တကယ်သင်တန်းတက်ရောက်လိုသူနှင့် သင်တန်းကာလပြီးမြောက်သည်အထိ နေထိုင်နိုင်သူဖြစ်ရမည်ဖြစ်ပြီး သင်တန်းကာလအတွင်း နေထိုင်စားသောက် စရိတ်များကို ပြန်လည် ထူထောင်ရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းသိရသည်။

ထိုသင်တန်းကာလများအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ မူးယစ်ဆေးဖြတ် ကုသခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ စိတ်ပိုင်းဆိုင်ရာပြန်လည် ထူထောင်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ခြင်း၊ ဒေသနှင့်ကိုညီသော အသက်မွေး၀မ်းကျောင်းပညာများကို စာတွေ့လက်တွေ့ သင်ကြားပေးခြင်း၊ အသိပညာပေး ဗဟုသုတ သင်ခန်းစာများပို့ချခြင်း တို့ကို ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါသင်တန်းကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့များ တွင် ဖွင့်လှစ်သွားမည်ဖြစ်ကာ အမျိုးသားသင်တန်းသားများကို ကနဦး လက်ခံဖွင့်လှစ်သွား မည်ဖြစ်ကြောင်း ကျိုင်းတုံပြန်လည်ထူထောင်ရေး စခန်းမန်နေဂျာ ဦးမျိုးသက်ထွန်းထံမှ သိရသည်။

 

စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)