မိုးမိတ်မြို့တွင် မိုးလုံလေလုံအားကစားရုံ စတင်တည်ဆောက်

­­မိုးမိတ်  ဇန်နဝါရီ ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်  မိုးမိတ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ၏ မိုးလုံလေလုံ အားကစားရုံ တည်ဆောက်ခြင်း  ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က အဆိုပါအဆောက်အဦဆောက်လုပ်မည့် မြို့နယ်အားကစားကွင်းတွင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အဆိုပါ မိုးလုံလေလုံ အားကစားရုံသည် အလျားပေ ၂၀၀ ၊ အနံ ပေ ၁၀၀ ဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာခွင့်ပြုရန်ပုံငွေကျပ် ၃၅၂.၈၀၀ သန်းဖြင့် သန်းထက်အောင် ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်မည်ဖြစ်သည်။

ပန္နက်တော်တင် မင်္ဂလာအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများတက်ရောက်၍ ပန္နက်တော် တင်ပေးခဲ့ကြပြီး ခရိုင်စီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက ဆောက်လုပ်ရေးတာဝန်ရှိသူများအား သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ ဆောက်လုပ်ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးတို့ကို မှာကြားခဲ့ သည်။

မိုးလုံလေလုံ အားကစားရုံ (၂၀၀× ၁၀၀) ဆောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ်ဇန်နဝါရီလ ၁၂ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဇွန်လတွင် ပြီးစီးရန် လျာထားကြောင်း သိရသည်။

မိုးမိတ်သား(စည်သူဌေး)