ရန်ကုန် ဇန်နဝါရီ ၃၁
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့နယ်အတွင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးနှင့် ရေစီးရေလာကောင်းမွန် စေရေးတို့ အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းအချိန်ကလည်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက မြို့နယ်အတွင်း ခရီးသွားပြည်သူများ သွားရေးလာရေးတွင် အဆင်ပြေ ချောမွေ့စေ ရေးအတွက် တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက် သတိပဋ္ဌာန်လမ်းတစ်လျှောက် တိုးချဲ့ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ဆောင်ရွက်ပေးမှုအပေါ် ရပ်ကွက်နေပြည်သူတစ်ဦးကလည်း " ယခုလို ဆောင်ရွက် ပေးတာဟာ ခရီးသွားပြည်သူများအတွက်သာမက မိမိတို့မြို့နယ်အတွက်လည်းများစွာ အကျိုးရှိတဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း လည်း ဖြစ်ပါတယ်။ ယခင်က ဒီလမ်းဟာ ယာဉ်အသွားအလာလည်းများသလို၊ လူအသွားအလာလည်းများပါတယ်။ ဒါ့အပြင် ဒီလမ်းမှာ တစ်ချို့ယာဉ်တွေက ယာဉ်နှစ်စီးယှဉ်ရပ်တာတွေလည်း ရှိတာကြောင့် ကျွန်တော်တို့ ရပ်ကွက်နေပြည်သူတွေ သာမက ခရီးသွား ပြည်သူအချို့ လမ်းမပေါ်ကနေ သွားလာကြရပါတယ်။ အဲဒီအခါကျတော့ ယာဉ်အန္တရာယ်လည်း မကြာခဏဆိုသလို ကြုံတွေ့ ရပါတယ်။ ယခုလို မြို့နယ်စည်ပင်ဌာနက တာဝန်ရှိသူတွေအနေနဲ့ မြို့နယ်အတွင်းရှိ ပြည်သူ များနှင့် ခရီးသွားပြည်သူများ သွားရေး လာရေးတွင် အဆင်ပြေချောမွေ့စေရန်အတွက် ကွန်ကရစ်လမ်း တိုးချဲ့ခင်းကျင်း ပေးတဲ့အတွက်လည်း ကျေးဇူးအများကြီး တင်ရှိပါတယ်။ ဒီတိုးချဲ့ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးသွားပါက ကျွန်တော်တို့ ရပ်ကွက်နေပြည်သူတွေအနေနဲ့ ယခင်ကထက် သွားရေးလာရေးတွင် အဆင်ပြေချောမွေ့လာနိုင်လိမ့် မယ်ဆိုတာ ယုံကြည်မိပါတယ် " ဟု ပြောကြားသွားကြောင်း သတင်းရရှိ ပါသည်။
အဆိုပါ တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက် သတိပဋ္ဌာန်လမ်းတစ်လျှောက် ဆောင်ရွက်လျက်ရှိသော တိုးချဲ့လမ်းမှာ အရှည်ပေ (၁၀၀၀)ပေ၊ အကျယ်(၇)ပေနှင့် ထု(၇)လက်မရှိပြီး ကွန်ကရစ်လမ်း အမျိုးအစားဖြစ်ကာ တိုင်းဒေသကြီး လွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ (လမ်းနှင့်တံတားဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့ ) မှ တာဝန်ယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)