ပုဂံ ဇန်နဝါရီ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ပုဂံ-ညောင်ဦး မြို့နယ်အတွင်းရှိ သောက်သုံးရေအခက်ကြုံတွေ့နေရသည့် ကျေးရွာ များသို့ သောက်သုံးရေဂါလံ ၂၁၄၀၀ ကျော်ကို မြင့်မြတ်သူ စေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ် ကူညီမှုအသင်းမှ ယမန်နေ့က သွားရောက်လှူဒါန်း ပေးခဲ့ကြောင်းသိရသည်။
မြို့နယ်အတွင်း သောက်သုံးရေ အခက်အခဲဖြစ်ပေါ်လာပါက ရေအလှူရှင်များ၏ လှူဒါန်းငွေဖြင့် သောက်သုံးရေ များ သွားရောက်လှူဒါန်းလျက်ရှိရာ သောက်သုံးရေများအခက်ကြုံနေရသည့် ပုဂံ-ညောင်ဦး မြို့နယ်၊ ဆင်လူးအိုင်ကျေးရွာ၊ ကန်ဇောက်ကျေးရွာ၊ ရွာလုကျေးရွာ၊ တောစွန်တဲတိုက်၊ ကန်နီကြီး တဲတိုက်၊ အင်ကြင်းမြိုင် တဲတိုက်နှင့် ညောင်တိုတဲတိုက်နေပြည်သူများ သောက်သုံးရေ အဆင်ပြေစေရန်အတွက် ရေဂါလံ ၂၁၄၀၀ကျော် သွားရောက်လှူဒါန်းပြီး အိမ်ထောင်စုအလိုက် စနစ်တကျခွဲဝေပေးခဲ့ကြောင်း မြင့်မြတ်သူ စေတနာသွေးလှူရှင် နှင့် လူနာတင်ယာဉ် ကူညီမှုအသင်းမှ တာဝန်ရှိသူ ဦးအောင်ငြိမ်းက ပြောကြားသည်။
မိုးနဲရပ်ဝန်းဒေသဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်းပုဂံ-ညောင်ဦးဒေသရှိ ကျေးလက်နေပြည်သူအများစုသည် နွေရာသီမတိုင်မီ ယခုဆောင်းရာသီကာလမှာပင် သောက်သုံးအခက်ကြုံ နေရပြီ ဖြစ်ပြီး သောက်သုံး ရေ အလှူရှင်များနှင့် ပရဟိတအသင်းများကို အားထားနေကြရကြောင်း၊ သောက်သုံးရေများကို ပုဂံ-ညောင်ဦး မြို့နယ်အတွင်းရှိ သောက်သုံးရေအခက်အခဲဖြစ်သည့် ကျေးရွာများမှ ချိတ်ဆက် အကူအညီ တောင်းခံလာပါက ကျေးရွာများအရောက် ပေးပို့လှူဒါန်းပေးလျက်ရှိကြောင်း၊ သောက်သုံး ရေလှူဒါန်း လိုသူများအနေဖြင့် မြင့်မြတ်သူစေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှု အသင်း ၀၉-၄၀၂-၇၇၄-၃၉၆ သို့ဆက်သွယ် လှူဒါန်းနိုင်ကြောင်း အဆိုပါပရဟိတအသင်းမှ သိရသည်။
ဖေလိန်း(ပုဂံ)