မိုင်းကိုင် ဇန်နဝါရီ ၃၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရေး အတွက် ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ပွဲများကို ဇန်နဝါရီလ တတိယအပတ်မှစတင်၍ ရပ်ကွက်/ကျေးရွာအုပ်စု အသီးသီးတွင် ဆောင်ရွက်လျက် ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၄)ရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရန် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ပွဲကို ကျောင်းကန် ဘုန်းတော်ကြီးကျောင်း ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါရွေးချယ်ပွဲအခမ်းအနားတွင် အမှတ်(၄)ရပ်ကွက်၊ ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ရေး ဌာနဆိုင်ရာ အဖွဲ့ ခေါင်းဆောင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းလှိုင်လှိုင်ဦး က ရွေးချယ်ရေး လုပ်ငန်းစဉ်များ၊ ကြီးကြပ်ရေးအဖွဲ့၏ အရည်အချင်းများနှင့် တာဝန်ဝတ္တရားများ ကိုရှင်းလင်း ဆွေးနွေးပြီးနောက် တက်ရောက်လာကြသော အိမ်ထောင်စုကိုယ်စားလှယ်များက ကြီးကြပ်ရေးအဖွဲ့(၅)ဦး အဖြစ် ဦးစိုးမြင့် ၊ ဦးယဉ်ထွေး၊ ဦးစိုင်းညွှန့်ဖေ၊ ဒေါ်နန်းလှဌေး၊ ဒေါ်နန်းစန်းရည် တို့ကိုရွေးချယ် တင်မြှောက်ခြင်း၊ ရွေးချယ်ခံ ကြီးကြပ်ရေး အဖွဲ့ခေါင်းဆောင်မှ လုပ်ငန်းတာဝန်အပေါ် ဂါရဝပြု မိတ်ဆက် စကားပြောကြားခြင်းများ ဆောင်ရွက်ကာ အမှတ်(၄)ရပ်ကွက် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ပြည့်ဖြိုးမောင်(ပြန်/ဆက်)