မြစိမ်းရောင် ကျေးရွာစီမံကိန်း မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲနှင့် စီမံကိန်း စံပြကျေးရွာ ဆုချီးမြှင့်ပွဲပြုလုပ်

တောင်သာ ဇန်နဝါရီ ၃၀

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြစိမ်းရောင် ကျေးရွာ စီမံကိန်း မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲနှင့် စီမံကိန်းစံပြကျေးရွာ ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က  မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန  အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက အမှာစကား ပြောကြားပြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့် က အမှာစကားပြောကြားသည်။ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်မိုးက မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်း စံပြကျေးရွာပထမဆုရရှိသော မိုးနှောင်းခင်းကျေးရွာ၊ ဒုတိယဆု ရရှိသော အလယ်ချိုင့်ကျေးရွာနှင့် တတိယဆုရရှိသော တောင်လယ် ကန်ကျေးရွာတို့ကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့သည်။

ထို့နောက်ကျေးရွာရန်ပုံငွေ ကြီးကြပ်မှုကော်မတီများက စီမံကိန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသော အခက်အခဲများ၊ အားသာချက် အားနည်းချက်များကို ဆွေးနွေးကြကြောင်း သိရသည်။

 

ကျော်မျိုးနိုင်(တောင်သာ)