မဘိမ်းမြို့တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေး လုပ်ငန်းစဉ် သင်တန်းပို့ချ

မဘိမ်း ဇန်နဝါရီ ၃၀                               

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် အုပ်ချုပ်ရေးမှူးများ သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ ရွေးချယ်နိုင်ရေးအတွက် လုပ်ငန်းစဉ် သင်တန်း ပို့ချခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရ သည်။ 

အဆိုပါလုပ်ငန်းစဉ်သင်တန်းတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညိမ်းသူအောင်တို့က မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက် နှင့် ကျေးရွာအုပ်စု (၁၆) အုပ်စုတို့တွင် ကျေးရွာပေါင်း (၄၉) ရွာရှိသဖြင့် ရပ်ကွက်နှင့် ကျေးရွာများတွင် ဆယ်အိမ်မှူးများ၊ ရာအိမ်မှူးများနှင့် အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ပွင့်လင်း ထင်သာမှုရှိစေရန် ဌာနဆိုင်ရာ ကြီးကြပ်အဖွဲ့များအား တာဝန်ခွဲဝေပေးထားပြီး ရပ်ကွက်နှင့် ကျေးရွာများတွင် ကြီးကြပ်ရေးအဖွဲ့ (၅) ဦးအား အရင်ရွေးချယ်ကာ သက်ဆိုင်ရာ ပြည်သူများက ရွေးချယ်တင်မြှောက်မှုအပေါ် စနစ်တကျနှင့် ပွင့်လင်းမြင်သာမှုရှိပြီး သမာသမတ်ကျအောင် ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားကာ သတ်မှတ်လုပ်ငန်းစဉ် များကို တာဝန်ရှိသူများက သင်တန်း ပို့ချခဲ့ကြပါသည်။

ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် အုပ်ချုပ်ရေးမှူးများ ရွေး ချယ်နိုင်ရေး လုပ်ငန်းစဉ်သင်တန်းသို့ မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၆) အုပ်စုတို့မှ ကျေးရွာကြီးကြပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး လုပ်ငန်းစဉ် သင်တန်း ပို့ချခြင်းကို အုပ်စု (၂) စုခွဲ၍ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)