မဘိမ်း ဇန်နဝါရီ ၃၀
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၊ လဝါကျေးရွာတွင် အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ကျောင်းဆောင် အဆောက်အဦသစ်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေနှင့် အလှူရှင်များမှ လှူဒါန်းငွေတို့ဖြင့် RCC (၂) ထပ် အဆောက်အဦသစ် ဆောက်လုပ်နေကြောင်း သိရှိရသည်။
အဆိုပါ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ကျောင်းဆောင် အဆောက်အဦသစ်အား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၆ ရက်တွင် ပန္နက်စတင်ရိုက်ခဲ့ပြီး ယခုလက်ရှိအချိန်တွင် တည်ဆောက် ရေးလုပ်ငန်းများ၏ ၃ဝ % ကျော် ပြီးစီးနေပြီဖြစ်ပြီး ကျောင်းဆောင် အဆောက်အဦသစ်ကို ကျောင်းဆောင်သစ် ဆောက်လုပ်ရေး မြို့နယ်ကြီးကြပ်မှု ကော်မတီ၏ အနီးကပ် ကြီးကြပ်မှုဖြင့် လဝါကျေးရွာ ကျောင်းဆောင်သစ် ဆောက်လုပ်ရေးအဖွဲ့မှ တာဝန်ယူ ဆောက်လုပ်လျက်ရှိပါသည်။
အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ကျောင်းဆောင် အဆောက်အဦသစ် အမျိုးအစားမှာ အလျား ၁၃၀ ပေ၊ အနံ ၃၀ ပေနှင့် အမြင့် ၂၄ ပေရှိ RCC (၂) ထပ်ဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ်သိန်း (၁၀၀၀)၊ ကမ္ဘောဇဘဏ်မှငွေကျပ်သိန်း (၂၀၀)၊ Forever Group မှငွေကျပ် သိန်း (၁၀၀) နှင့် ကျေးရွာလူထု၏ လုပ်အားအလှူတို့ဖြင့် တည်ဆောက်လျက်ရှိရာ ကျောင်းဆောင် အဆောက်အဦသစ်အား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီရေးတို့ အတွက် ကျောင်းဆောင်သစ်ဆောက်လုပ်ရေး မြို့နယ်ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့် မြို့နယ်ကြီးကြပ်မှု ကော်မတီဝင်များမှ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)