သံဖြူဇရပ်မြို့၌ ရပ်ကွက်/ကျေးရွာ ကြီးကြပ်ရေးမှူး(၅)ဦး ရွေးချယ်ဖွဲ့စည်းရေး ဌာနဆိုင်ရာများမှ ကွင်းဆင်း ဆောင်ရွက်

သံဖြူဇရပ်  ဇန်နဝါရီ  ၃၀

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင်  ရပ်ကွက်/ကျေးရွာအုပ်စု   ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့်  အုပ်ချုပ်ရေးမှူးများ  စိစစ်ရွေးချယ်ရန်အတွက် ကြီးကြပ်ရေးမှူးရွေးချယ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့် က  သံဖြူဇရပ် မြို့နယ်  ဆင်တောင်ကျေးရွာ ကဒါတ်ထောက်(ဓမ္မာရုံ)တွင် ပြုလုပ်သည်။

ထိုသို့ ရွေးချယ်ရာတွင် ရှေးဦးစွာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်က အမှာစကားပြောကြားပြီး ဆက်လက်၍ မြို့နယ် စီမံကိန်း ရေးဆွဲရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှရွှေကလုပ်ငန်း တာဝန်များကို ရှင်းလင်းခြင်းနှင့်  ကြီးကြပ်ရေးမှူး ရွေးချယ်ရာတွင်  မိမိတို့ကျေးရွာ ဆယ်အိမ်မှူး၊ ရာအိမ်မှူးကောင်းများ ရွေးချယ်ရန်အတွက်  ကြီးကြပ်ရေးမှူး ကောင်းများ  ရွေးချယ်ပေးစေလိုကြောင်း  ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများက မိမိတို့ရွေးချယ်ပေးစေလိုသည့် ကြီးကြပ်ရေးမှူး (၅)ဦးကို  စိစစ်ရွေးချယ် ပေးသည်။

အဆိုပါ  ကြီးကြပ်ရေးမှူး  ရွေးချယ်ခြင်းကို  သံဖြူဇရပ်မြို့နယ်အတွင်းရှိ   ရပ်ကွက် (၁၅) ခုနှင့် ကျေးရွာအုပ်စု    (၂၆)  စုတို့တွင် မြို့နယ်ဌာနဆိုင်ရာ အကူအညီပေးရေး ကြီးကြပ်အဖွဲ့ (၅)ဖွဲ့တို့မှ ဇန်နဝါရီ(၃၀)ရက်နေ့မှ ဖေဖော်ဝါရီ (၄)ရက် နေ့ထိ ပူးပေါင်းပါဝင် ကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

အေးအေးသီ(ပြန်/ဆက်)