ဟိုမိန်းတိုက်နယ်ဆေးရုံ၌ တီဘီရောဂါရှာဖွေစမ်းသပ်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ ကွင်းဆင်း ကုသပေး

ဟိုမိန်း  ဇန်နဝါရီ  ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်ဟိုမိန်းမြို့ တိုက်နယ်ဆေးရုံ၌ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန တီဘီရောဂါ တိုက်ဖျက်ရေး (Mobile Team) အဖွဲ့နှင့် လင်းခေးမြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ကုသရေး အဖွဲ့တို့သည် တီဘီရောဂါ ရှာဖွေစမ်းသပ်ကုသမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ယမန်နေ့ မွန်းလွဲ နာရီအချိန်က အခမဲ့ကွင်းဆင်း ဆေးကုသပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးဌာနမှ အဖွဲ့ခေါင်းဆောင် ဒေါက်တာ စိုင်းခမ်းပန်ဖ ဦးဆောင်သော အဖွဲ့ဝင်များနှင့်အတူ လင်းခေးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒေါက်တာ ကျော်လွင်ဦး ဦးစီးသော အဖွဲ့ဝင်များက တီဘီသံသယ လူနာများကို ရှာဖွေဖော်ထုတ်ခြင်း၊ သလိပ်စစ်ဆေးခြင်း၊ ရင်ခေါင်းဓာတ်မှန်ရိုက်၍ တီဘီရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းနှင့် အထွေထွေကျန်းမာရေး စစ်ဆေးပေးခြင်း လုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရန် စနစ်တကျ စီစဉ်ဆောင်ရွက် ကုသပေး လျက်ရှိကြောင်း သိရသည်။

ကွင်းဆင်း ကုသပေးရာသို့ ဟိုမိန်းမြို့ပေါ်ရှိ ဒေသခံပြည်သူများအပြင် မြို့အနီးဝန်းကျင် ကျေးရွာများမှ ပြည်သူများက လာရောက် ကုသမှုခံယူကြကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေး ကွင်းဆင်း စောင့်ရှောက်မှုကို ဇန်နဝါရီ ၂၉ ရက်မှ ၃၀ ရက်နေ့အထိ စမ်းသပ်ကုသ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရဲနောင်(ဟိုမိန်း)