သာစည်မြို့နယ် ကျွဲတပ်ဆုံ ကိုဗစ် - ၁၉ စစ်ဆေးရေးစခန်းတွင် ယာဉ်မောင်းနှစ်ဦး ကိုဗစ်ပိုးတွေ့ရှိ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် စုစုပေါင်း ၃၃ ဦးရှိပြီဖြစ်

သာစည်  ဇန်နဝါရီ ၃၀

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်  ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မိတ္ထီလာ-တောင်ကြီး ကားလမ်း ကျွဲတပ်ဆုံ ကျေးရွာအုပ်စုတွင် ဖွင့်လှစ်ထားသော ကိုဗစ် - ၁၉ စစ်ဆေးရေးစခန်းတွင်  ကုန်တင် ယာဉ်များမှ  ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို  Rapid Test Kit ဖြင့် စစ်ဆေးလျက်ရှိရာ ဇန်နဝါရီ ၂၉ ရက် တောင်ပေါ်သို့ သွားရောက်မည့် ယာဉ်များမှ  ယာဉ်မောင်းနှစ်ဦးတွင် ကိုဗစ်-၁၉ ပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်ပိုးတွေ့ရှိသူများမှာ  အသက် ၃၃ နှစ်ရှိ ကုန်သွယ်ရေးဝန်း မြဝတီမြို့နယ် နေသူနှင့် အသက် ၃၂ နှစ်ရှိ သီရိမင်္ဂလာရပ် ညောင်ဦးမြို့နယ်နေသူဖြစ်ကြောင်း သိရပြီး ၎င်းတို့နှင့်ထိစပ်မှုရှိသူ ယာဉ်နောက်လိုက် နှစ်ဦးတို့ကို သာစည်မြို့အမှတ် (၇) ရပ်ကွက်ရှိ အထက (၂) Quarantine Centre ထားရှိကာ Swab  ရယူစစ်ဆေးသွား မည်ဖြစ်ကြောင်းနှင့်   ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ယာဉ်မောင်းများအား သာစည်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။   

အဆိုပါ ကိုဗစ် - ၁၉ စစ်ဆေးရေးစခန်းကို အောက်တိုဘာ ၃ ရက်နေ့က စတင်ဖွင့်လှစ်ပြီး    စစ်ဆေးခဲ့ရာ ယနေ့အချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၃၃ ဦး အပါအဝင် သာစည်မြို့နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူပေါင်း ၁၃၈ ဦးရှိရာ ဆေးကုသမှု ခံယူနေသူ ၆ ဦး  ကျန်ရှိကြောင်းနှင့်  ဆေးရုံဆင်း ၁၃၂ ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှ သိရသည်။                      

ထွန်းထွန်း(ပြန်/ဆက်)