မိုးညှင်းခရိုင်အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်း ၁၆ ကျောင်းတွင် အသုံးပြုရန်အတွက် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ လက်ဆေးဘေစင်များလှူဒါန်း

မိုးညှင်း  ဇန်နဝါရီ   ၃၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်း ၁၆ ကျောင်းတွင် တပ်ဆင်အသုံးပြုရန် အတွက် ခြေနင်းလက်ဆေး ဘေစင်များ လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ခြေနင်းလက်ဆေး ဘေစင်များ လှူဒါန်းမှုအနေဖြင့် ခရိုင်အတွင်းရှိ မြို့နယ်(၃)မြို့နယ်ဖြစ်သည့် မိုးညှင်းမြို့တွင် အခြေခံပညာ ကျောင်း(၇) ကျောင်းအတွက် ခြေနင်းလက်ဆေးဘေစင်(၇)ခု၊ မိုးကောင်းမြို့နယ်ရှိ အခြေခံပညာ ကျောင်း(၃)ကျောင်းအတွက် ခြေနင်းလက်ဆေး ဘေစင်(၃)ခု၊ ဖားကန့်မြို့နယ်အတွင်းရှိအခြေခ ံပညာကျောင်း(၆)ကျောင်းအတွက် ခြေနင်းလက်ဆေး ဘေစင်(၆)ခု တို့ကို တပ်ဆင်လှူဒါန်း သွားမည်ဖြစ်သည်။

“အဓိကတော့ အသွားအလာကန့်သတ်စောင့်ကြည့်စခန်းဖွင်ထားတဲ့ကျောင်းတွေမှာတပ်ဆင်ဖို့ ရည်ရွယ်တင်ပြထားတာ၊ ဒီနေ့မှာ မိုးကောင်းမြို့နယ် အတွင်းရှိကျောင်း(၃)ကျောင်းနဲ့ နန်းမားမြို့မှာ ရှိတဲ့ကျောင်း(၂)ကျောင်းနဲ့ လယ်မှီးကျေးရွာမှာ ရှိတဲ့ကျောင်း(၁) ကျောင်းမှာ လှူဒါန်းသွားမယ်၊ (၃၀)ရက်နေ့မှာတော့ မိုးညှင်းမြို့အတွင်းမှာရှိတဲ့ ကျောင်း(၄)ကျောင်းကို ဆက်လက်လှူဒါန်း ပေးသွားမယ်၊ နောက်ပြီး ဖားကန့်မြို့မှာရှိတဲ့ ကျောင်းတွေ ကိုလည်း အချိန်နှင့်တစ်ပြေညီလှူဒါန်းပေးသွားမယ်”ဟု ခရိုင် ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးမြင့်ဦးငယ်က ပြောကြားသည်။

အဆိုပါ ခြေနင်းလက်ဆေးဘေစင်(၁)ကို ငွေကျပ် ၁၇၆၁၀၀ကျပ်ကျသင့်ပြီးယခုတပ်ဆင်ပေးသည့် ကျောင်းများအားလုံးတို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ အခမဲ့လှူဒါန်းပေးပို့ခြင်း ဖြစ်ပြီး တပ်ဆင်မှုကိုလည်း ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုယ်တိုင် အခမဲ့ တပ်ဆင် ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်ထွေး(မိုးညှင်း)