သုံးခွမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲ အခမ်းအနား ကျင်းပ

သုံးခွ  ဇန်နဝါရီ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ (၂၀၁၄-၂၀၁၅)မှ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်ထိ ဆောင်ရွက်ခဲ့သော မြစိမ်းရောင်ကျေးရွာ စီမံကိန်း သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေ၊ ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်တို့က အဖွင့်အမှာစကား ပြောကြားပြီး ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်နီနီအောင်မှ သုံးခွမြို့နယ်အတွင်း မြစိမ်းရောင် စီမံကိန်းမှ တိုးတက်အောင်မြင်မှုများနှင့် လက်ရှိ ဆောင်ရွက်နေမှု လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

ယင်းနောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီ၀င်များ၊ ကျေးရွာရန်ပုံငွေ ကြီးကြပ်မှု ကော်မတီ၀င်များ၊ ကျေးရွာမြစိမ်းရောင် ကော်မတီ၀င်များမှ အုပ်စု(၃)စုခွဲ၍ စီမံကိန်း ဆောင်ရွက်‌နေမှုများ အပေါ် အားနည်းချက်၊ အားသာချက်များအား ဆွေးနွေးကြပြီး ဆွေးနွေးချက်ရလဒ်များအား အဖွဲ့လိုက်ရှင်းလင်း ဆွေးနွေး ခဲ့ပြီးနောက် ကျေးရွာကော်မတီ ဝင်များ၏ကိုယ်စား ကော်မတီဝင်(၁)ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

စည်သူလင်း(ပြန်/ဆက်)