ကြည့်မြင်တိုင် ဇန်နဝါရီ ၃၀
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ကြီးမှူး၍ သန့်ရှင်း လတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန်များ အား သင့်တင့်သော စျေးနှုန်းဖြင့် ပြည်သူများ အလွယ်တကူ ဝယ်ယူရရှိနိုင်ရန်အတွက် ယမန်နေ့ နံနက်ပိုင်းက ရပ်ကွက်များအတွင်းသို့ ကားများဖြင့် လှည့်လည် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် မြို့နယ်အတွင်း ဆေးငြိမ်းရပ်ကွက်၊ ဈေးကြီးအရှေ့၊ အနောက်ရပ်ကွက် ဗိုလ်သူရလမ်း နေရာများခွဲ၍ လှည့်လည်ရောင်းချရာ မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူး များမှ ကြီးကြပ်၍ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ စျေးရောင်းချသည့်နေရာသို့ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နန္ဒအောင်၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင် အသင်း၀င်များနှင့် အဖွဲ့မှ လာရောက်ကြည့်ရှု့အားပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ သား၊ ငါးနှင့် မီးဖိုချောင်သုံး စားသောက်ကုန်များကို ရပ်ကွက်များ အရောက် Mobile Market စျေးရောင်းယာဉ်များဖြင့် လှည့်လည်ရောင်းချပေးမှုအား အလှည့်ကျ ဆက်လက်ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ခိုင်ဇာလင်း(ပြန်/ဆက်)