မိုင်းဆတ်မြို့၌ မွေးမြူရေးဆိုင်ရာအသိပညာပေးသင်တန်းဖွင့်လှစ်

မိုင်းဆတ် ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မွေးမြူရေးဆိုင်ရာအသိပညာပေးသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက်(၉) နာရီက ကျဒယ်ရပ်ကွက် စာကြည့်တိုက်တွင်ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာနိုင်ထွန်းဦးက ဒေသခံပြည်သူများ အနေဖြင့် မွေးမြူရေး လုပ်ငန်း လုပ်ကိုင်ရာတွင် နည်းစနစ်တကျအကျိုးရှိစွာ လုပ်ကိုင်ဆောင်ရွက် နိုင်စေရန်နှင့် လက်တွေ့ မွေးမြူထားသော ကျွဲ၊ နွား၊ ဝက်၊ ဒေသကြက်များအား တစ်ပိုင်တစ်နိုင်မှ တဆင့် စီးပွားဖြစ်မွေးမြူ နိုင်ရန်အတွက်လည်းကောင်း၊ ဒေသ၏လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အသိပညာပေး သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာနိုင်ထွန်းဦးနှင့် မြို့နယ်ဦးစီးမှူး ဒေါက်တာစောထက်ဝင်းတို့က မွေးမြူရေးနှင့်ပတ်သက်သည့် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ တိရစာ္ဆန်များတွင် ရာသီအလိုက်ဖြစ်ပွားတတ်သည့် ရောဂါအခြေအနေများနှင့် ကုသမှုနည်းလမ်းများကို သင် ကြားပို့ချပေးလျက်ရှိသည်။

အဆိုပါ မွေးမြူရေးဆိုင်ရာအသိပညာပေးသင်တန်းအား (၂၈.၁.၂၀၂၁)မှ(၃၀.၁.၂၀၂၁)ထိ (၃)ရက် တာသင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး သင်တန်းသား(၂၀)ဦးခန့် တက်ရောက်သင်ကြားလျက် ရှိကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနသိရသည်။

မြင့်မောင်(ပြန်/ဆက်)