မိုင်းယောင်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာလေးဦး ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းခွင့်ရ

မိုင်းယောင်း ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ယာယီ ဆေးကုသဆောင်တွင် စောင့်ကြပ်ဆေးကုသမှု ခံယူနေသော ကိုဗစ်-၁၉ အတည်ပြုလူနာ လေးဦးအား ကျန်းမာရေးသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ကောင်းမွန်လာသည့်အတွက် ယနေ့နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာဟန်စိုး၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဟိန်းဇော်ဦးနှင့် တာဝန်ရှိ သူများက ကိုဗစ်-၁၉ ရောဂါကို မိမိကိုယ်တိုင် ကူးစက်မခံရစေရန်၊ မိသားစုကို မကူးစက်စေရန်၊ မိမိပတ်ဝန်းကျင်ရှိ အခြားသူများထံ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို မဖြစ်မနေ စနစ်တကျတပ်ဆင်၍ ကာကွယ်ရပါမည်။ ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်ခြင်းသည် အလွန်ထိရောက်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းဖြစ်၍ ရောဂါဖြစ်ပွားမှုကွင်းဆက်ကို ထိရောက်စွာ ဖြတ်တောက်နိုင်ပါသည် စသည့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ တိုက်တွန်းနှိုးဆော်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနှင့် တပ်ဖွဲ့ဝင်များက မော်တော်ယာဉ်ဖြင့် အိမ်တိုင်ရာရောက် ကူညီပို့ဆောင်ပေးခဲ့သည်။

မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာလေးဦးကို ယနေ့တွင် ဆေးရုံမှ အားလုံးဆင်းခွင့်ပြုလိုက်ပြီဖြစ်ရာ ယခုအခါ မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ယာယီဆေးကု သဆောင်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ အတည်ပြုလူနာ မကျန်ရှိတော့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း