ကျိုင်းတုံ ဇန်နဝါရီ ၃၀
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါအတွက် ရန်ပုံငွေရှာဖွေရေး လုပ်ငန်း ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ကာကွယ်ဆေးဝယ်ယူရန် ကျိုင်းတုံဂရုဏာ သွေးလှူရှင်များ အသင်းက ငွေကျပ် (၆)သိန်း လှူဒါန်းမှုကို ယမန်နေ့ မွန်းလွဲ ၂နာရီအချိန် ကျိုင်းတုံ ပြည်နယ်ဒုတိယ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ရာ ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်နှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဝဏ္ဏစိုးတို့က လှူဒါန်းငွေကို လက်ခံခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်နိုင်ရေးအတွက် အလှူငွေများကို ဒေသခံ ပြည်သူများ စေတနာရှင် အလှူရှင်များက လှူဒါန်းခဲ့ကြပြီး ကာကွယ်ဆေး ဝယ်ယူရန်အတွက် ပထမဆုံးအကြိမ် လှူဒါန်းခြင်းဖြစ်ကြောင်းလည်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုး ထံက သိရသည်။
အဆိုပါအခမ်းအနားတွင် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော် ကလည်း ကာကွယ်ဆေးထိုးနှံခြင်း အကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးတွင် ရောဂါပိုး ရှိ/မရှိ အမြင်ဖြင့်မသိနိုင်၊ ကိုဗစ်-၁၉ရောဂါ အဓိက ပျံ့နှံ့ကူးစက်ပုံ၊ ကိုဗစ်-၁၉ရောဂါ အလွယ်တကူ ကူးစက်စေနိုင်သော အခြေအနေများ၊ ကိုဗစ်-၁၉ရောဂါ ပြင်းထန်စွာ ခံစားရနိုင်သူများ၊ ကိုဗစ်-၁၉ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ၊ ကိုဗစ်-၁၉ရောဂါ ထိရောက်စွာ ကာကွယ်နိုင်ရေး အတွက် လူတိုင်း မိသားစုတိုင်း ပါဝင်ဆောင်ရွက်ရန် လိုအပ်ပုံများ အသိပညာပေးမှု နှင့်ပတ်သက်၍ လူမှုရေး အသင်းအဖွဲ့များ ဌာနဆိုင်ရာများမှ အသိပညာပေးလုပ်ငန်းများကို ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရပါသည်။
ငုချိုချိုကျော်