ဇမ္ဗူသီရိ ဇန်နဝါရီ ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၁ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဌဖလား ဖိတ်ခေါ်တောတွင်း လမ်းကြမ်းစက်ဘီးစီးပြိုင်ပွဲလုပ်ငန်း ညှိနှိုင်းအစည်းအဝေးအားယမန်နေ့ ညနေ (၄) နာရီက ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးက ကိုဗစ်-၁၉ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ် ထားသည့် စည်းမျဉ်းစည်းကမ်း များနှင့်အညီ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ဖိတ်ခေါ်တောတွင်း လမ်းကြမ်းစက်ဘီးစီးပြိုင်ပွဲအား ပထမဆုံးအကြိမ်ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ တောတွင်းလမ်းကြမ်း စက်ဘီးစီးပြိုင်ပွဲအတွက် လိုအပ်သည်များကို ပံ့ပိုးပေးသွားမည ်ဖြစ်ကြောင်း၊ ပြိုင်ပွဲကျင်းပရေးကော်မတီများ အနေဖြင့်လည်း လုပ်ငန်းများ စနစ်တကျနှင့် အောင်မြင်စွာ ပြီးမြောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဌ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွေးမှ ဖိတ်ခေါ်တောတွင်း လမ်းကြမ်း စက်ဘီးစီးပြိုင်ပွဲအား (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ကျင်းပပြုလုပ်မည်ဖြစ် ကြောင်းနှင့် ပြိုင်ပွဲကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်များအားရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲကျင်းပရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးက ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ထားရှိမည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြိုင်ပွဲကျင်းပရေး ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး နေပြည်တော် စက်ဘီးဆပ်ကော်မတီ ဥက္ကဌ ဦးရန်နိုင်လင်းမှ နေပြည်တော်ကောင်စီ ဥက္ကဌဖလား ဖိတ်ခေါ်တောတွင်း လမ်းကြမ်းစက်ဘီးစီးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနားမြို့နယ်- တောင်ညိုလမ်းနှင့် ဉာဏအောင်မြေလမ်းဒေါင့် (စိုးစံ ကိုယ်ပိုင်အထက်တန်း ကျောင်းနှင့် မျက်နှာချင်းဆိုင်)ရှိ ရေငန်းဆည်ရေဝေရေလဲ ဧရိယာ တောင်ကုန်းပေါ်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် ပြိုင်ပွဲ ကျင်းပမည့်ပုံစံနှင့် စည်းမျဉ်း စည်းကမ်းများအား ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက် လာကြသော ဌာနဆိုင်ရာများ စက်ဘီးစီးဝါသနာရှင်များက သိရှိလိုသည်များကို ဝိုင်းဝန်း ဆွေးနွေး ခဲ့ကြသည်။
အစည်းအဝေးသို့ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွေး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့်ဦးနှင့် ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ နေပြည်တော် စက်ဘီးစီးဆပ်ကော်မတီဝင်များနှင့် စက်ဘီးစီး ဝါသနာရှင်များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)