ချောင်းဆုံ ဇန်နဝါရီ ၂၉
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း အတွက် ကြိုတင်ပြင်ဆင်ထားရှိမှု လုပ်ငန်းအစည်းအဝေးကို ယနေ့ နံနက်(၁၀) နာရီခွဲအချိန် က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီတို့မှ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဦးမျိုးသိုက်ထွန်းက ကာကွယ်ဆေးထိုးနှံရေးအတွက် မြို့နယ်အတွင်းရှိ (၁၈) နှစ် ပြည့်ပြီးသူလူဦးရေ စာရင်း ကောက်ယူထားရှိမှု အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသူဇာဝင်းက ကာကွယ်ဆေး ထိုးမည့် စုရပ်များကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိမှုအခြေအနေ၊ ဆေးထိုးပေးမည့်အဖွဲ့များ ဖွဲ့စည်းထားရှိမှု အခြေအနေ၊ကာကွယ် ဆေးထိုး ပြီးသွားပါက ပြည်သူများအနေဖြင့် လိုက်နာ ဆောင်ရွက်ရမည့် အခြေအနေများ၊ ဆေးထိုးနေစဉ်အတွင်း အရေးပေါ် အခြေအနေဖြစ်ပေါ်လာပါက ကြိုတင်ပြင်ဆင်းထားရှိမှုအခြေအနေတို့ကို ရှင်းလင်းဆွေးနွေး ပေးခဲ့သည်။
ချောင်းဆုံမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူ လူဦးရေတစ်သိန်းသုံးသောင်းကျော် ရှိကြောင်း နှင့် တစ်မြို့ နယ်လုံးအနေဖြင့် တစ်ရက်လျှင်ဆေးထိုးစုရပ်ကို (၅)နေရာစုရပ်ထားပြီး ဆေးထိုးအဖွဲ့ စုစုပေါင်း (၂၅)ဖွဲ့ ထားရှိရန် စီမံလျာထားကြောင်း မြို့နယ်တာဝန်ရှိသူများထံမှ သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)