ရန်ကုန် ဇန်နဝါရီ ၂၉
ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ် ပြည်သူ့ဆေးရုံ၌ အခြေပြု၍ ဆေးယဉ်ပါး တီဘီရောဂါရှိ၊ မရှိ စစ်ဆေး ရှာဖွေနိုင် သည့် Gene X-Pert စက်နှင့် ကုသရေးစင်တာကို ဖွင့်လှစ်ဆောင်ရွက်ထားရှိရာ ဒလမြို့နယ်အပါအဝင် တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်း မြို့နယ်တို့ရှိ လူနာများအား ရှာဖွေစစ်ဆေးကုသမှု လုပ်ငန်းများ ကို အခမဲ့ဆောင်ရွက် ပေးလျက်ရှိသည်။
ယခင်က ဆေးယဉ်ပါးတီဘီ စစ်ဆေးရာတွင် အင်းစိန်မြို့ရှိ အောင်ဆန်း (အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး) ဆေးရုံသို့ သွားရောက် စစ်ဆေး ပြသရခြင်းဖြစ်ပြီး ယခုအခါ ဒလမြို့နယ် ပြည်သူ့ဆေးရုံအတွင်း၌ ကုသရေး စင်တာနှင့် Gene X-Pert စက် တပ်ဆင်ပြီး ဆေးယဉ်ပါးတီဘီရှိ၊ မရှိ ရှာဖွေစမ်းသပ်စစ်ဆေးကုသနိုင်ခြင်း တို့ကြောင့် လာရောက် စမ်းသပ်ကုသမှုခံယူကြသော ပြည်သူ များအနေဖြင့် များစွာအဆင်ပြေလျက်ရှိကြောင်း သိရ သည်။
“အန်တီတို့ ဒီဒလမြို့မှာဘဲ လာရောက်ကုသနိုင်လို့ အင်မတန်ဝမ်းသာရတယ်၊ အရင်တုန်းက အောင်ဆန်းဆေးရုံကို သွားပြီးစစ် ရတာ၊ အရမ်းဝေးလို့ လူလည်းပင်ပန်းသလို စိတ်လည်းပင်ပန်းရတယ်၊ ဒီမှာပြသရတာ သွားရေးလာ ရေးကအစ အဆင်ပြေ သွားတယ်၊ ဒီနေ့ သောကြာနေ့မှာ ရက်ချိန်းမို့ ကုသပေးဖို့အတွက် လာရောက်ပြသတာပါ၊ အခက်အခဲ မရှိပါဘူး၊ အားလုံး အဆင်ပြေပါတယ်” ဟု လာရောက်ကုသသည့် တွံတေးမြို့နယ်မှ ဒေသခံပြည်သူ တစ်ဦးက ပြောပြ သည်။
တီဘီရောဂါဖြစ်ပြီး သူများအား ဆေးယဉ်ပါးတီဘီရှိ၊ မရှိ စစ်ဆေးပေးခြင်းကို အစိုးရရုံးဖွင့်ရက် တနင်္လာနေ့မှ သောကြာ အထိ ဆောင်ရွက် ပေးလျက်ရှိပြီး၊ ဆေးယဉ်ပါးတီဘီလူနာများ ကုသပေးခြင်းကို တစ်ပတ်လျှင် တစ်ရက်ဖြင့် သောကြာနေ့တိုင် ကုသပေး လျက်ရှိကြောင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (MHAA) မှ စေတနာ့ဝန်ထမ်း ဆရာဝန်များက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ပေးလျက်ရှိပြီး၊ လူနာများ လာရောက်ပြသမှုအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား နေမှုကြောင့် နေ့စဉ်ပုံမှန်မရှိသေးကြောင်း၊ တစ်လ တစ်ခါ၊ နှစ်ပတ် တစ်ခါ၊ ရက်ချိန်းဖြင့်သာ လာရောက်ပြသမှုများရှိပြီး၊ ယနေ့ တွင် လူနာ ၂၀ ဦးခန့် ကုသမှုခံယူ လျက်ရှိကြောင်း သိရသည်။
ဒလမြို့နယ် ပြည်သူ့ဆေးရုံအတွင်း ဓါတ်ခွဲဌာနရှိ ဆေးယဉ်ပါးတီဘီ ရောဂါ ရှိ၊ မရှိ စစ်ဆေးရှာဖွေနိုင်သည့် Gene X-Pert စက် မှာ ဒေါ်လာ ၁၇၀၀၀ တန်ဖိုး ရှိပြီး ရောဂါ ရှိ၊ မရှိကို ၂ နာရီအတွင်း စစ်ဆေးသိရှိနိုင်ကြောင်း၊ တစ်နေ့လျှင် လူနာ ၁၅ ဦးအထိ စမ်းသပ်စစ်ဆေးနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ တီဘီရောဂါကြောင့် ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးတို့တွင်များစွာ အကျိုးသက်ရောက်မှုများ ခံစားရကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးထဲမှ ရန်ကုန်တိုင်းဒေသကြီးသည် တီဘီရောဂါ ဖြစ်ပွားမှု အများ ဆုံးဖြစ်ကြောင်း၊ လူဦးရေထူထပ်များပြားသော လှိုင်သာယာမြို့နယ်၊ ရွေပြည်သာ၊ တောင်ဒဂုံမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့၌ တီဘီရောဂါဖြစ်ပွားမှု အများဆုံးတွေ့ရှိရကြောင်း သိရသည်။ တီဘီရောဂါ ဖြစ်ပွားမှု စစ်တမ်းတွေ့ရှိချက်အရ တစ်နှစ်အတွင်း ဒလမြို့နယ်၌ လူဦးရေ ၁ သိန်းတွင် ၃၀၀ ကျော်ခန့် တီဘီရောဂါပိုး တွေ့ရှိကြောင်း သိရသည်။
နိုင်လင်းကျော်(IPRD)